
ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၂၃ ရက်
တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ စစ်ရေးအရ အရေးပါသည့် လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်တိုက်ခိုက်သိမ်းယူရန် စစ်ကောင်စီတပ်က ၎င်းတို့လက်အောက်ခံ စောချစ်သူနှင့် ဗိုလ်မုတ်သုန်တို့ ဦးဆောင်သည့် နယ်ခြားစောင့် BGF တပ်များကို ဖိအားပေးနေကြောင်း သတင်းရရှိသည်။
ကရင့်အမျိုးသားအစည်းအရုံး – KNU လက်အောက်ခံ KNLA တပ်များနှင့် PDF ပူးပေါင်းတပ်များက စစ်ဗျူဟာအရ အရေးပါသည့် စစ်ကောင်စီတပ်၏ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့တွင် သိမ်းယူတပ်စွဲထားခဲ့သည်။
စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့ဝင်များက မြေပြင်စစ်ကြောင်းများ၊ တာဝေးပစ်အမြောက်များ၊ တိုက်လေယာဉ် လေကြောင်းပစ်ကူများကိုပါ အသုံးပြု၍ အဆိုပါစခန်းကုန်းကို ပြန်လည်ရယူရန် ကြိုးစားနေသော်လည်း အချိန်တစ်လကြာသည်အထိ စခန်းကုန်းကို ပြန်လည်သိမ်းယူနိုင်ခြင်း မရှိသေးပေ။
အဆိုပါတစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ BGF တပ်မှ သေဆုံးမှုများပြားခဲ့သဖြင့် ယင်းစခန်းကုန်းအား ထပ်မံတိုက်ခိုက်ရန် စောချစ်သူနှင့် ဗိုလ်မုတ်သုန်တို့၏ BGF တပ်များက ထိတ်လန့်နေကြောင်း မြ၀တီမြို့ အခြေစိုက် BGF တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။
တဖက်တွင် စစ်ကောင်စီတပ် ထိပ်ပိုင်းခေါင်းဆောင်များက ယင်းစခန်းကုန်း ပြန်လည်သိမ်းပိုက်ရန် BGF တပ်ခေါင်းဆောင်များဖြစ်သည့် စောချစ်သူနှင့် ဗိုလ်မုတ်သုန်တို့ကို ဖိအားပေးနေသည့်အတွက် BGF တပ်ခေါင်းဆောင်များ အကြပ်ရိုက်နေကြောင်း BGF တပ်နှင့်နီးစပ်သော ကရင်သတင်းရင်းမြစ်များက ပြောသည်။
“စစ်ကောင်စီက လက်ခတ်တောင်စခန်းကို ပြန်သိမ်းဖို့တိုက်ရာမှာ BGF တွေ အသေများတယ်။ စခန်းသိမ်းနိုင်ဖို့ လေယာဉ်နဲ့ ၆ ခါလောက် လာပစ်တာတောင် မရဘူး။ အဲတော့ စစ်ကောင်စီက BGF ကို အဲ့ကုန်းပြန်ရအောင်သိမ်းဖို့ ဖိအားပေးနေတယ်။ ဗိုလ်ချစ်သူနဲ့ ဗိုလ်မုတ်သုန် တပ်တွေကလည်း အဲ့စခန်းကုန်းကို ထပ်တိုက်ရမှာ လန့်နေပြီ။ သေတွင်းထဲ ဆင်းရသလို ဖြစ်နေတာကိုး”ဟု မြ၀တီအခြေစိုက် BGF တပ်နှင့်နီးစပ်သည့်သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းတွင် စစ်ကောင်စီတပ်မှ ခြေမြန်တပ်ရင်း ခမရ(၂)နှင့် ခမရ(၁၁၈) တပ်ရင်းနှစ်ရင်းမှ အင်အား ၆၀ ကျော်ဖြင့် တပ်စွဲထားသည့် စခန်းကုန်း ဖြစ်ပြီး စခန်းကုန်းကို သိမ်းပိုက်စဉ်က ခမရ ၂ မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့မှာ စခန်းကို စွန့်ခွာထွက်ပြေးခဲ့သဖြင့် စစ်တပ်က ဖမ်းဆီးထောင်ချခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လနှင့် လက်ရှိဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်များက စခန်းကုန်း ပြန်လည်ရရှိရန် အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ဩဂုတ်လ တတိယပတ်အတွင်းကဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် BGF တပ်များဘက်မှ ဗိုလ်မှူး သက်မင်းသူ၊ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၅ ဦး သေဆုံးခဲ့သည်။
“လက်ခတ်တောင်စခန်း ပြန်တိုက်ဖို့မှာ စစ်ကောင်စီမှာက အင်အားနည်းနေပြီ။ BGF မှာက အင်အား ကျန်သေးတယ်။ အဲဒါကြောင့် စစ်တပ်က ဖိအားပေးနေတာ။ BGF တွေက မတိုက်ချင်ဘူး။ သေမှာစိုးလို့။ ဗိုလ်ချစ်သူက အဲ့စခန်းကုန်းကိစ္စနဲ့ပတ်သတ်ပြီး KNU ထဲက သူနဲ့နီးစပ်တဲ့အကြီးပိုင်းတွေကို ညှိချင်တယ်ဆိုတဲ့လေသံ ပစ်လာတယ်။ အောက်ခြေရဲဘော်တွေကတော့ လုံး၀အညှိမခံဘူးလို့ ပြောနေကြတယ်”ဟု KNDO တပ်မှ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ဗျူဟာအရ အရေးပါသည့် လက်ခတ်တောင်စခန်းကုန်းပြန်ရရေး နည်းလမ်းပေါင်းစုံသုံးရန် နေပြည်တော်မှ စစ်ခေါင်းဆောင်များက ကစထမှူး ညွန့်ဝင်းဆွေနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းတို့အား အမိန့်ပေးထားကြောင်း သိရသည်။
လတ်တလောတွင် ယင်းစခန်းကုန်းတိုက်ပွဲအတွက် စစ်ကောင်စီက ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် SU 30 တိုက်လေယာဉ်များကိုပါအသုံးပြု၍ လေကြောင်းအထူးစစ်ဆင်ရေးပြုလုပ်သွားရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ဗိုလ်စောချစ်သူ နှင့် ဗိုလ် မုတ်သုန်တို့သည် DKBA မှ ခွဲထွက်ကာ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်များအဖြစ် ရပ်တည်နေခြင်းဖြစ်ပြီး ဝင်ငွေကောင်းသည့် စီးပွားရေးလုပ်ငန်းများကို စစ်ကောင်စီတပ်၏ အရာရှိများနှင့် ပူးပေါင်းလုပ်ဆောင်နေသူများ ဖြစ်သည်။
#ဗိုလ်ချစ်သူ #ဗိုလ်မုတ်သုန် #လက်ခတ်တောင် #မြ၀တီ #Ayeyarwaddy_Times