ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊သြဂုတ်လ ၂၃ ရက်

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ကလိန်အောင်မြို့ ကျောက်ရှပ်ရွာ တွင် လက်နက်ကိုင်ဆောင်ထားသော စစ်ကောင်စီသတင်းပေး ပျူစောထီးတစ်ဦးကို သြဂုတ်လ ၂၂ ရက် နံနက် ၉နာရီခွဲ အချိန်ခန့်က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကလိန်အောင်မြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (SPRING DHAMMA PDF KLA) တပ်ဖွဲ့ထံမှသိရသည်။

ပစ်သတ်ခံရသူမှာ ကျောက်ရှပ်ကျေးရွာက စစ်ကောင်စီသတင်းပေး ဟုဆိုသူ ပျူစောထီး အသက် ၅၇ နှစ်ဝန်းကျင်အရွယ်ရှိသူ ဦးသိန်းစိုး ဆိုသူဖြစ်ကြောင်းသိရသည်။

“သူက ရွာထဲမှာ အရမ်းဆိုးတဲ့သူ။စစ်တပ်နဲ့ပေါင်းပြီး ရွာသားတွေကို ဖမ်းဆီးနှိပ်စက်ပြီးအမျိုးမျိုး ဒုက္ခပေးတယ်။နေအိမ်တွေကိုလည်း စစ်တပ်နဲ့ ပေါင်းပြီး ရိုက်ချိုးဖျက်ဆီးတယ်။ပြီးတော့နင်တို့ကို ငါစစ်တပ်နဲ့ ဖမ်းခိုင်းလိုက်ရမလားလို့ လည်းအမြဲခြိမ်းခြောက်တယ်။ ရွာသားတွေလည်း ရွာမှာတောင် သိပ်မနေရဲကြတော့ဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့ ရဲဘော်တွေဟာ နွယ်လိမ်မှာရှိတဲ့ သူရဲ့ ဥယျာဉ် ခြံက ဆိုင်ကယ် နဲ့ အပြန် လမ်းပိုင်း တစ်နေရာ မှာ စောင့်ကြိုပစ်ခတ်ရှင်းလင်းလိုက်တယ်။သူနဲ့အတူပါလာတဲ့ သူ့သားမက် ကိုတော့ အပြစ်မရှိလို့ပြန်လွှတ်ပေးခဲ့တယ် “ဟု ပြန်ကြားရေး တာဝန်ခံ လင်းယုန်က ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါ စစ်ကောင်စီသတင်းပေးဟုဆိုသူ ဦးသိန်းစိုး ကိုပစ်ခတ်မှုရှင်းလင်းအပြီးတွင် M4- 16 နှင့် ပစ်ခတ်ရသည့် လက်လုပ်အတိုတစ်လက် နှင့် ဆက်စပ်ပစ္စည်းများ၊စစ်ကောင်စီနှင့် ဆက်သွယ်ထားသော အချက်အလက်များ နှင့် ဖုန်းနံပါတ်တို့ကို လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဦးသိန်းစိုး ကို ဇူလိုင်လအတွင်းကလည်း ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်က စစ်ကောင်စီသတင်းပေး ဆက်မလုပ်ရန် ခေါ် ယူသတိပေးခံပြီးနောက် ဦးသိန်းစိုးသည် နေအိမ်တွင် ဆက်မနေတော့ ပဲ ကလိန်အောင် မြို့အခြေစိုက် ခမရ -၄၀၈ ခြေမြန်တပ်ရင်းတွင် သွားရောက်ခိုအောင်းနေထိုင် ကာ စစ်ကောင် စီနှင့် ပူးပေါင်းပြီး သတင်းပေး ဆက်လက်လုပ်ဆောင်နေသောကြောင့် ပစ်ခတ်ရှင်းလင်း ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ-ဦးသိန်းစိုးထံမှ သိမ်းဆည်းရရှိသည့် ဆက်စပ်ပစ္စည်းများ။

#ကလိန်အောင်မြို့ #ကျောက်ရှပ်ရွာ #လက်နက်ကိုင် #စစ်ကောင်စီသတင်းပေး #ပျူစောထီးတစ်ဦးပစ်သတ်ခံရ #Ayeyarwaddy_Times