ဧရာ၀တီတိုင်းမ်

ဩဂုတ်လ ၂၃ ရက်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံက စစ်တပ်အာဏာသိမ်းမှုကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာနိုင်ငံသားအများအပြား ဆန္ဒပြကန့်ကွက်ရှုတ်ချခဲ့ရာတွင် ထိုင်းနိုင်ငံ၊ ထမာဆပ် တက္ကသိုလ်မှ ထိုင်းကျောင်းသားနှင့် ထိုင်းလူငယ်များလည်း ပါဝင်ဆန္ဒပြခဲ့ကြသည်။

အဆိုပါ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် ထမာဆပ် တက္ကသိုလ်မှ ကျောင်းသားများ အပါအဝင် ထိုင်းလူငယ် ၇ ဦးကို ထိုင်းတရားရုံးက ဩဂုတ်လ ၂၁ ရက်နေ့တွင် ထောင်ဒဏ်နှင့်ငွေဒဏ်များ ချမှတ်ခဲ့ကြောင်း VOA မြန်မာပိုင်းဌာန၏ဖော်ပြချက်အရ သိရသည်။

အဆိုပါ ထိုင်းလူငယ် ၇ ဦးမှာ ထိုင်းနိုင်ငံအတွင်း ကိုဗစ် ၁၉ ကာလ၌ချမှတ်ထားသည့် ဥပဒေများကို ချိုးဖောက်ခြင်း၊ အုပ်ချုပ်ရေးတာဝန်ရှိသူများကို အာဏာဖီဆန်ခြင်းတို့ဖြင့် ၂၀၂၁ ခုနှစ်က တရားစွဲဆိုခံခဲ့ရပြီး ၂ နှစ်အကြာတွင် ထိုင်းတရားရုံးက ငွေဒဏ်နှင့်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းဆန္ဒပြမှုနှင့်ပတ်သတ်၍ ထိုင်းတရားရုံးက ထမဆတ်တက္ကသိုလ်ကျောင်းသား ပနဖတ်ကျန်ထနန်ကွန်းကို ထောင်ဒဏ် ၁၂ လ အပြစ်ပေးခဲ့ပြီး ယင်းပြစ်ဒဏ်ကို ၃ ပုံ ၁ ပုံ လျော့ပေါ့ပေးခဲ့သဖြင့် ထောင်ဒဏ် ၄ လနှင့်ရက် ၂၀ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ကစ်သီဆဒ်ဖန်းရေးနူးဆိုသူကျောင်းသားမှာ ထောင်ဒဏ် ၃ နှစ် ၁ လ အပြစ်ပေးခံခဲ့ရပြီး ပြစ်ဒဏ်ထက်ဝက်လျော့ခဲ့သဖြင့် ထောင်ဒဏ် ၁ နှစ် ၆ လ ၁၅ ရက်နှင့်အတူ ဒဏ်ငွေ ၂၀,၀၀၀ ဘတ် ချမှတ်ခံခဲ့ရသည်။

အခြားသော လူငယ် ၅ ဦးမှာ ထောင်ဒဏ် ၄ နှစ် ငွေဒဏ် ဘတ် ၆၀,၀၀၀ စီ ချမှတ်ခံခဲ့ရသော်လည်း တရားရုံးက

ထောင်ဒဏ် ၂ နှစ် ၁၅ ရက် လျှော့ပေါ့ပေးခဲ့သဖြင့် ထောင်ဒဏ် ၂ နှစ်နီးပါးနှင့် ဒဏ်ငွေ ဘတ် ၃၀,၀၀၀ စီပေးဆောင်ရသည့်ပြစ်ဒဏ်များ အသီးသီးချမှတ်ခံခဲ့ရကြောင်း VOA သတင်းက ဖော်ပြသည်။

မြန်မာ့ဒီမိုကရေစီရေးအတွက် ပါဝင်ဆန္ဒပြမှုဖြင့် ထိုင်းကျောင်းသားလူငယ်များ ယခုကဲ့သို့ ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခံရမှုအပေါ် အလွန်စိတ်မကောင်းဖြစ်ရကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများနှင့် အလုပ်သမားအရေးကူညီပေးနေသည့်အဖွဲ့များက ပြောဆိုသည်။

“ဒီလိုမျိုး ပြစ်မှုပြစ်ဒဏ် ချမှတ်လိုက်တာ ထိုင်းတက္ကသိုလ်ကျောင်းသား ၇ ယောက်ခင်ဗျ၊ ကျွန်တော်တို့ စိတ်မကောင်းတာကတော့ တက္ကသိုလ်ကျောင်းသားတွေဆိုတာ သူတို့ မိသားစုတွေက စီးပွားပြည့်စုံတဲ့လူတွေ ဖြစ်သားနဲ့ မြန်မာပြည်အရေးကိုအခုလိုဆောင်ရွက်ပေးတာကို ကျနော်တို့က လေးစားဂုဏ်ယူမိပါတယ်”ဟု ထိုင်းနိုင်ငံအခြေစိုက် Labour Right Foundation ( LRF) အဖွဲ့က တာဝန်ရှိသူ ဦးအောင်ကျော်က VOA ကို ပြောသည်။

ဓာတ်ပုံ-အာဏာသိမ်းနှစ်ပတ်လည် ထိုင်းနိုင်ငံဘန်ကောက် မြန်မာသံရုံးရှေ့ ဆန္ဒပြနေသည့်ပုံဖြစ်​သည်။

#ထိုင်းကျောင်းသား #မြန်မာ့အရေး #ဆန္ဒပြ #ဘန်ကောက် #မြန်မာသံရုံး #Ayeyarwaddy_Times