ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၃ ရက်

ဧရာ၀တီတိုင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် သြဂုတ်လ၂၁ ရက်နေ့က PDF သင်တန်းဆင်းလာသူ ၁၀ ဦး စစ်ကောင်စီထံအလင်း၀င်ကြောင်း အခမ်းအနားနှင့် ဓာတ်ပုံများရိုက်ပြီး ဝါဒဖြန့်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အလင်း၀င်ရောက်လာသူ ၁၀ ဦးကိုစစ်ကောင်စီဝါဒဖြန့် မီဒီယာများကဖော်ပြရာတွင် လူငယ်များမပါ၀င်ပဲ အသက်ကြီးသူများကို သာတွေ့ရှိရပြီး ၎င်းတို့မှာ PDF တပ်ဖွဲ့၀င်များမဟုတ်ပဲ သူတို့၏ မိသားစု၀င်တစ်ချို့နှင့် စစ်ကောင်စီမှဒေသခံတစ်ချို့ကို အမှုဖွင့်ထားသောကြော င့်ရှောင်တိမ်းနေရသူများဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှသိရသည်။

“PDF သင်တန်းဆင်းလာသူက ၃ ယောက်လောက်ပဲပါတယ်၊ သင်တန်းဆင်းပြီးထဲက တော်လှန်ရေးမလုပ်ပဲ အိမ်မှာပြန်နေတဲ့သူတွေများတယ်။ ကျန်တာတော့ သူတို့ ရဲ့ ဇနီးတွေ နောက်ပြီး ဒေသခံထဲက ဆန်တွေဘာတွေ PDF ကိုလှူလို့ အမှုဖွင့်ခံထားရတဲ့ သူတွေပါ”ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဧရာ၀တီတိုင်းက မြို့နယ် ၄ ခုမှ PDF သင်တန်းဆင်း ၁၀ ဦးဟု စစ်ကောင်စီက ဝါဒဖြန့်ဖော်ပြသော်လည်း ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့က မြန်အောင်မြို့နယ် ထွေအုပ်ရုံးတွင် အလင်း၀င်ခဲ့သော သူ ၁၀ ဦးသာဖြစ်ပြီး နှစ်ရက်အကြာမှာ အနောက်တောင်တိုင်းစစ်ဌာနချုပ် မှာ ထပ်မံဝါဒဖြန့် ရိုက်ကူးခြင်းဖြစ်ကြောင်း စစ်ကောင်စီနင့်နီးစပ်သူများကပြောသည်။

ကြံခင်းမြို့နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုး နေပြီး ဒေသခံများကို PDF ဟုစွတ်စွဲကာအမျိုးသား၊ အမျိုးသမီး ၃၀ နီးပါးစစ်ကြောရေးစခန်းနှင့်ရဲစခန်းတွင်စစ်ဆေးနေပြီး ယနေ့အချိန်ထိမိသားစုနဲ့အဆက်သွယ်မရသေးကြောင်း သိရှိရသည်။

#ဧရာဝတီတိုင်း #PDF #သက်ကြီးရွယ်အို #စစ်ကောင်စီတပ် #Ayeyarwaddy_Times