ဧရာ၀တီတိုင်းမ်
သြဂုတ်လ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့ညပိုင်းက အမျိုးသားနှစ်ဦးသည် လက်ပစ်ဗုံးတစ်လုံးကိုင်၍ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) မှ ဒလန် သတ်ဖြတ်ခိုင်းသည်ဟုဆိုကာ ခြိမ်းခြောက်၍ ငွေညှစ်မှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေ ဒေသခံများထံက သိရသည်။

အဆိုပါ အမျိုးသားနှစ်ဦးသည် သြဂုတ်လ ၁၉ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်က အောင်သစ္စာရပ်ကွက်ရှိ အရက်ဘီယာရောင်းသည့် ဆိုင်တစ်ခုသို့ဝင်ကာ ဆိုင်ရှင် လင်မယားကို သတ်ဖြတ်ရန်အတွက် ၎င်းတို့ကို PDF က ငွေကျပ် သိန်း ၁၀၀ ဖြင့် ဌားရမ်းထားကြောင်း၊ အသတ်မသေလိုပါက ငွေကျပ်ဆယ့်ငါးသိန်းဖြင့် ညှိနှိုင်းနိုင် ကြောင်း လိမ်ညာဟန်ဆောင်ကာ ငွေညှစ်ခဲ့ကြောင်း သိရ သည်။

“တစ်ယောက်က အရပ်ပုပု၊ အသားမဲမဲ၊ ခပ်ဝဝ၊ ပါးသိုင်းမွေး မှုတ်ဆိတ်မွေးတွေနဲ့ ကုလားဆင်ပဲ။ ရင်ဘတ်မှာလည်း တက်တူးတွေနဲ့။ တစ်ယောက်ကတော့ အရပ်ရှည်ရှည်နဲ့ အသက်က ခပ်ငယ်ငယ်ပဲ ရှိသေးတယ်။ နှစ်ယောက်လုံးဆီက အရက်နံ့တွေလည်း ရတယ်။ လက်ပစ်ဗုံး ခပ်သေးသေးတစ်လုံးကို ပြပြီး စနက်တံဖြုတ်လိုက်ရမလားနဲ့ ခြိမ်းခြောက်တာပေါ့။ ဗုံးကအတုလား၊ အစစ်လားမသိတော့ အရမ်းလည်း ပြန်မတုံ့ ပြန်ရဲဘူး။ ပိုက်ဆံပါမသွားပေမယ့် အရက်ပုလင်းတော့ယူသွားတယ်” ဟု ဓားပြတိုက်ခံရသူ ကာယကံရှင် အမျိုးသမီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ဆိုင်သို့ စျေးဝယ်လာသူ နှစ်ဦးကိုလည်း ဒူးထောက်ခိုင်းကာ အကြပ်ကိုင် ငွေတောင်းသဖြင့် ပါရှိသည့် ငွေကျပ်တစ်သောင်းကျော်ပေးခဲ့ရပြီး ဆိုင်မှ အရက်ပုလင်း များလည်း အဓမ္မ ယူဆောင်သွားကြောင်း သိရသည်။

ကလေးမြို့တွင် အဆိုပါဖြစ်စဉ်ကဲ့သို့ ဖြစ်စဉ် မျိုး နှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ထို့သို့ လက်ပစ်ဗုံးပြ ခြိမ်းခြောက်ငွေညှစ်သူ အမျိုးသားနှစ်ဦးသည် အောင်သစ္စာရပ်ကွက်ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ကလေး) ထဲသို့ ဝင်သွားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

ထိုသို့လုပ်ဆောင်မှုသည် ငွေရရှိရန်နှင့် တော်လှန်ရေး အင်အား စုများအပေါ် ပြည်သူလူထုက အထင်အမြင် လွဲမှားစေရန်အတွက်ဖြစ်ပြီး စစ်ကောင်စီတပ် လက်ဝေခံ ပျူစောထီးများက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဒေသခံများက သုံးသပ်သည်။

စစ်ကောင်စီတပ်သည် ကလေးမြို့တောင်ပိုင်းသို့ စစ်ကြောင်းထိုးရာတွင် ဒကစ (ကလေး) နှင့် ထောက်ပို့တပ်အနီးရှိ ရပ်ကွက်များသို့ ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီး ခေါ်ဆောင်လေ့ရှိပြီး လူမနေသည့် အိမ်လွတ်များတွင်လည်း ဝင်ရောက်ခိုအောင်း နေတတ်ကြောင်း ဒေသခံများက ဆိုသည်။

#ကလေးမြို့ #အရက်မူးနေသူ၂ဦး #လက်ပစ်ဗုံးပြခြိမ်းခြောက်၍ငွေညှစ် #Ayeyarwaddy_Times