
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၂ ရက်
စစ်ကောင်စီ၏ ငွေရလမ်းကြောင်းဖြစ်သည့် နိုင်ငံခြားငွေလွှဲပြောင်းပေးနိုင်သော နိုင်ငံတော်ဘဏ်နှစ်ခု MICB နှင့် MFTB ကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုကြောင့် နိုင်ငံခြားငွေရရှိမှုအပါအဝင် စီးပွားရေး၊ လူမှုရေးထိခိုက်နေကြောင်း စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ကျင်းပသည့် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ဝန်ခံပြောကြားခြင်းဖြစ်သည်။
အမေရိကန်အစိုးရက ပိတ်ဆို့ခဲ့သဖြင့် စစ်ကောင်စီက ပြည်သူများအတွက်ဆောင်ရွက်ပေးနေသည့် ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံတည်ဆောက်ရေးအပါအဝင် နိုင်ငံခြားငွေရရှိမှု၊ သုံးစွဲမှအပေါ်သက်ရောက် စေပြီးပို့ကုန်၊သွင်းကုန်လုပ်ရှင်များလုပ်ငန်းဆောင်ရွက်နေသူများကို ထိခိုက်စေကြောင်း ၎င်းက ဆိုသည်။
“ US အနေနဲ့ အခုလို နိုင်ငံတော်ဘဏ်နှစ်ခုကို ပိတ်ဆို့တာက တစ်ဖက်သတ်ဆန်ပါတယ်။ ပိတ်ဆို့တဲ့ အကြောင်းပြချက်တွေက ခိုင်မာမှုမရှိပါဘူး။ MFTB က အစိုးရနဲ့ပုဂ္ဂိုလ်ကငွေကြေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေပြီး MICB ကတော့ ပုဂ္ဂလိက လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတာဖြစ်တယ်” ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) အပါအဝင် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်း ဝယ်ရေးဘဏ် (MICB ) ဘဏ်နှစ်ခုတွင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ တစ်ဦးချင်းဖြစ်စေ စုပေါင်းပြီး ဖြစ်စေပါဝင်သည့် အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းအထက်ပိုင်ဆိုင်သည့် မည်သူမဆိုငွေအလွှဲ အပြောင်းပေးချေမှုများကို ဩဂုတ်လ ၅ ရက်နေ့က စတင် တားမြစ်ခံလိုက်ရပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် အမေရိကန်ငွေတိုက်ဌာနအောက်ရှိ Office of Forign Assets Control (OFAC ) ကနေ အထွေထွေလိုင်စင် နာပါတ် ၅ တွင်ချွင်းချက်ပါဝင်ကာ specific လိုင်စင်လျှောက်ထားပြီး နိုင်ငံတကာအဖွဲ့အစည်းများကို ထည့်ဝင်ကြေးပေးရန်၊ နှစ်စဉ်ကြေးပေးရန် နှင့် နိုင်ငံတကာမှ နိုင်ငံတော်ချေးယူထားသည့် ပြင်ပချေးငွေများ ပေးချေရန်ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလည်း မြန်မာ့ဘဏ်နှစ်ခုဖြစ်သည့် MICB နှင့် MFTB ဘဏ်အပ်နှံငွေ ဒေါ်လာ ၁ ဒသမ ၂ သန်းကို သိမ်းဆည်းလိုက်ခြင်း၊ စင်ကာပူနိုင်ငံရှိ UOB ဘဏ်က စစ်ဗိုလ်ချုပ်ကြီးများအပါအဝင် မြန်မာ့ဘဏ်အကောင့်များမှ ငွေလွဲလုပ်ငန်းရပ်ဆိုင်းလိုက်ကာ စစ်ကောင်စီ အပေါ်စီးပွားရေး ပိတ်ဆို့မှုများပြုလုပ်လျက်ရှိသည်။
အကြမ်းဖက်မှုများကျူးလွန်နေသော စစ်ကောင်စီက ဘဏ်မှတဆင့် စစ်နက်လက် ပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုနေ၍ အမေရိကန်အစိုးရက ဇွန်လပိုင်း MICB နှင့် MFTB ဘဏ်တို့ကို စီးပွားရေး ပိတ်ဆို့ အရေးယူ လိုက်ခြင်းဖြစ်သည်။
ဓာတ်ပုံ-စစ်ကောင်စီ
#နိုင်ငံတော်ဘဏ်နှစ်ခုဖြစ်သည့် #MICBနှင့်MFTB #ဆန်ရှင်ထိမှု #နိုင်ငံခြားငွေရရှိမှု #စီးပွားရေး #လူမှုရေးထိခိုက် #စစ်ကောင်စီဆို
#Ayeyarwaddy_Times