ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဩဂုတ် ၂၂ ရက်

ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်လမ်းသည် စစ်ရေးအတွက် အလွန်အရေးပါနေပြီး အဆိုပါလမ်းကြောင်းကို ထိန်းချုပ်ထားနိုင်ရန် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်တို့က အပြိုင်ကြိုးစားနေကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

စစ်ကောင်စီတပ်သည် အဆိုပါလမ်းကြောင်းကို ထိန်းချုပ်ထားနိုင်ရန်အတွက် ပြီးခဲ့သည့် မေလ ကုန်ပိုင်းမှ စတင်၍ ဟားခါး-ထန်တလန်အကြားရှိ သီးမစ်လွင်ပြင်ကို လေကြောင်း အပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်လနီးပါးတိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

“စစ်ရေးအတွက် တော်တော်အရေးပါတယ်။ စစ်ကောင်စီအတွက် ဘာလို့ အရေးပါ သလဲဆိုရင်တော့ အဲ့ဒီလမ်းကြောင်းမထိန်းချုပ်နိုင်ရင် ထန်တလန်မြို့မှာ နေရာယူတဲ့ စစ်ကောင်စီတပ်တွေအတွက် ထောက်ပို့မရနိုင်တော့ဘူးဖြစ်နေတယ်။ ရဟတ်ယာဉ်နဲ့ ပစ္စည်းလာချရင်လည်း ရဟတ်ယာဉ်က ပျက်စီးမှာလား၊ မပျက်စီးဘူးလားဆိုတာ မသေ ချာဘူး။ ပျက်စီးနိုင်ချေက ပိုများတယ်။ ဒါကြောင့် အဲ့ဒီလမ်းကြောင်းက သူတို့(စစ်ကောင်စီ) အတွက် တော်တော်လေးအရေးပါတယ်လို့ ယူဆတယ်”ဟု ချင်းကာ ကွယ်ရေးတပ်ဖွဲ့၊ တာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခင် ၂၀၂၂ ခုနှစ်က ထန်တလန်မြို့တွင် အခြေစိုက်သည့် စစ်ကောင်စီတပ်များအတွက် လက်နက်ရိက္ခာတင်ပို့လာသော ရဟတ်ယာဥ်များကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ရဟတ်ယာဥ်ထိခိုက်မှုများရှိခဲ့သည်။

လက်ရှိဟားခါး-ထန်တလန်လမ်းတွင် စစ်ကောင်စီ‌တပ်၏ ထောက်ပို့ယာဉ်တန်းတချို့နှင့် လမ်းပြုပြင်သည့် မြေတူးစက်တချို့သာ ရံဖန်ရံခါဖြတ်သန်းသွားလာနေပြီး အခြား ယာဉ်များ ဖြတ်သန်းသွားလာခြင်းမရှိကြောင်း သိရသည်။

အလားတူ အဆိုပါလမ်းသည် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင် ဒေသခံပြည်သူများ အတွက်လည်း အလွန်အရေးပါသည့် လမ်းကြောင်းဖြစ်ပြီး စစ်ကောင်စီတပ်က ၎င်းလမ်းကြောင်းကို ထိန်းချုပ်ထားပါက ဒေသခံများအတွက် အခြေခံစား‌သောက်ကုန် စီးဆင်းမှု အခက်အခဲရှိနိုင်ကြောင်းသိရသည်။

“ကျွန်တော်တို့အတွက် ပိုပြီးတော့အရေးကြီးတာပေါ့။ ဘာဖြစ်လို့လဲဆို‌တော့ ထန်တလန်မြို့က အကုန်ပျက်စီးနေပြီဆိုရင်တောင် ဟားခါး-ထန်တလန်ကြားကနေ ကျွန်တော်တို့အချင်းချင်းဆက်သွယ်လို့ ရတယ်။ ပြီးတော့ ထန်တလန်နယ်မှာ ရှိတဲ့ ကျေးရွာပေါင်း ၉၀ လောက်ရှိတယ်။ ဒီအတွက် ဟားခါး-ထန်တလန်လမ်းကို ထိန်းချုပ်နိုင်ရင် ဒေသခံပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေပေါ့နော် ပုံမှန် စီးဆင်းလို့ရတယ်”လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့၊ တာဝန်ခံက ဆိုသည်။

ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (ခလရ-၂၆၉) တပ်ရင်းဌာနချုပ်ကို ချင်းအမျိုးသားတပ်မတော်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ထန်တလန်)နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့(ဇိုဖေ)တို့က ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း တပ်ဖွဲ့ဝင် သုံး ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း ၆၀ ဝန်းကျင်ဒဏ်ရာရရှိ၍ စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ် ဦးကိုလည်း အရှင်ဖမ်းမိကာ သေနတ် သုံး လက်၊ RPG နှစ် လက်နှင့် အခြားလက်နက်ခဲယမ်းတချို့တို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲက ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- ခလရ ၂၆၉ တပ်ရင်းဌာနချုပ်မှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် အရှင်ဖမ်းမိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး။
သီးမစ်လွင်ပြင်(ပုံအဟောင်း)

#ချင်းပြည်နယ် #ဟားခါးထန်တလန်လမ်း #စစ်ရေးအတွက်အရေးပါ #ချင်းကာကွယ်ရေးတပ်ဖွဲ့ #စစ်ကောင်စီတပ် #ထိန်းချုပ်နိုင်ရန် #အပြိုင်ကြိုးစားနေ #Ayeyarwaddy_Times