
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၂ ရက်
စစ်ကောင်စီရုံးချုပ်ရှိရာ နေပြည်တော်လုံခြုံရေးအတွက် ဇလွန်မြို့နယ်တွင်းမှ ရဲအင်အား (၇၀)ဦးထက် မနည်းကို သြဂုတ်လ ဒုတိယအပတ်က ထပ်မံပို့ခံရ၍ ရဲအင်အား လုံလောက်မှု မရှိဖြစ်နေကြောင်း မြို့နယ်ရဲတပ်ဖွဲ့ရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံကသိရသည်။
ဇလွန်မြို့နယ်တွင်းရှိ ရဲအင်အား၇၀ ဦးထက်မနည်းကို နေပြည်တော်သို့ လုံခြုံရေးအရအကြောင်းပြ၍ သြဂုတ်လဒုတိယအပတ်အတွင်းက ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
” မြို့နယ်ရဲအင်အား ၇၀ ကိုနေပြည်တော် လုံခြုံရေးအနေနဲ့ ပို့ခံလိုက်ရတယ်။လက်ရှိမြို့နယ်အင်အားက ၅၀ တောင်မကျန်တော့ဘူး။ ဘယ်အချိန်မြို့နယ်ကိုပြန်ခွင့်ပေးမလဲမသိရသေးဘူး” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့သို့မြို့နယ်အတွင်း ရဲအင်အားလျော့နည်းနေမှုအပေါ် နီးစပ်ရာမြို့များမှ အင်အားခေတ္တဖြည့်တင်းထားကာ ဓနုဖြူအခြေစိုက် စစ်ကောင်စီတပ်သား အချို့အပြင် ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ များကို လုံခြုံရေး ဆောင်ရွက်ခိုင်းမှုများ ရှိနေကြောင်း တပ်တွင်းသတင်းရင်းမြစ်များက ဆိုသည်။
” မြို့ထဲမှာ ရဲအင်အားနည်းနေပြီ။ ပြည်သူ့စစ်နဲ့ ခမရ ၁၀၈ တပ်ကိုပဲ မြို့အတွင်းအပြင် လုံခြုံရေးကင်းချတာလုပ်နေတယ်။ မြို့နယ်ရဲတပ်ဖွဲ့ဝင်အချို့ကိုတော့ ညကင်းလှည့်ချိန်မှာတော့ အင်အားဖြည့်သုံးတာပဲရှိတော့တယ်” ဟု ခမရ ၁၀၈ နှင့်နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဇလွန်မြို့နယ်တွင် ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့အင်အား ၁၀၀ ကျော်ထက်မနည်းကို စစ်သင်တန်းပေး၍ မြို့အတွင်းအပြင် လုံခြုံရေး တာဝန်များ ကို ထမ်းဆောင်ခိုင်းနေကြောင်း သိရသည်။
#နေပြည်တော် #လုံခြုံရေး #ဇလွန်မြို့နယ် #ရဲအင်အား၇၀ဦးခန့်ကို #နေပြည်တော်ပို့
#Ayeyrwaddy_Times