
ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၂၂ ရက်
ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်ရယူသိမ်းပိုက်နိုင်ရန်အတွက် စစ်ကောင်စီက ရုရှားမှဝယ်ထားသည့် SU 30 တိုက်လေယာဉ်များ အသုံးပြုကာ လေကြောင်း အထူးစစ်ဆင်ရေး ပြုလုပ်၍ တိုက်ခိုက်သွားရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
ကရင့်အမျိုးသားအစည်းအရုံး – KNU လက်အောက်ခံတပ်များနှင့် PDF ပူးပေါင်းတပ်များက စစ်ကောင်စီတပ်၏ လက်ခတ်တောင်စခန်းကုန်းကို ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့တွင်သိမ်းယူခဲ့သည်။ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့ဝင်များက မြေပြင်စစ်ကြောင်းများ၊ တာဝေးပစ်အမြောက်များ၊ လေကြောင်းပစ်ကူများကိုပါ အသုံးပြု၍ အဆိုပါစခန်းကုန်းကို ပြန်လည်ရယူရန် ကြိုးစားနေသော်လည်း အချိန်တစ်လကြာသည်အထိ စခန်းကုန်းကို ပြန်လည်သိမ်းယူနိုင်ခြင်း မရှိသေးပေ။
ယင်းအခြေအနေတွင် စစ်ကောင်စီက ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် SU 30 တိုက်လေယာဉ်များကိုပါအသုံးပြု၍ လေကြောင်းအထူးစစ်ဆင်ရေးပြုလုပ်သွားရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
“လက်ခတ်တောင်စခန်းကျထားတာကို စစ်ကောင်စီက ပုံမှန်လေကြောင်းနဲ့ အသုံးပြုရာကနေ အထူးစစ်ဆင်ရေးအနေနဲ့ စခန်းပြန်ရဖို့ကြိုးစားမှာ။ အဲ့စစ်ဆင်ရေးမှာ SU 30 တွေ ထုတ်သုံးဖို့ထိ အစီစဥ်ရှိတယ်။ လေကြောင်းအထူးစစ်ဆင်ရေးလုပ်ရင် Pilot (လေယာဉ်မှူး) တွေနဲ့ စက်ပြင်တွေကို အိမ်မပြန်ခိုင်းတော့ဘဲ ဟန်ကာ (လေယာဉ်ထားသည့်နေရာ) မှာဘဲ အိပ်ခိုင်းမယ့်အစီအစဉ်ရှိတယ်“ဟု နေပြည်တော်လေတပ်မှတပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်အနေဖြင့် ကချင်၊ ကရင်နီ၊ ချင်း၊ ကရင်၊ စစ်ကိုင်း၊ မကွေးစသည့် လက်နက်ကိုင်ခုခံမှု ပြင်းထန်သည့် ဒေသများသို့ လေကြောင်းမှတဆင့် တိုက်ခိုက်မှုများပြုလုပ်ရာတွင် ရုရှားထုတ် Yak-130 တိုက်လေယာဉ်များကို အဓိက အသုံးပြုခဲ့ပြီး လက်ရှိတွင် မြန်မာစစ်ကောင်စီထံ ရောက်ရှိနေသော SU 30 တိုက်လေယာဉ်နှစ်စီးကိုပါ အားဖြည့်အသုံးပြုသွားရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
“Yak-130 တွေက ဆီစားသက်သာတယ်။ ကုန်ကျစရိတ် သက်သာတဲ့အတွက် လေကြောင်းမစ်ရှင်တွေမှာ အဓိက သုံးနေတာ။ သက်တမ်းကုန်နေတဲ့ A5 လေယာဉ်တွေလည်း သုံးခိုင်းပြီး သူတို့(စစစ်ကောင်စီ) က တိုက်ခိုင်းနေတာ ပါပဲ။ ပိုင်းလော့တွေက A5 လေယာဉ်တွေဆို မမောင်းချင်ကြတော့ဘူး။ ပျက်ကျမှာစိုးလို့ လန့်နေတာ။ အခု SU 30 က ကုန်ကျစရိတ်များတယ်။ ဒါပေမယ့် Function တော်တော်စုံတယ်။ ဒါကြောင့် အထူးသတိထားဖို့ လိုတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။
ရုရှားထုတ် Su-30 (ဆူခွိုင်း ၃၀) ဂျက်တိုက်လေယာဉ်မှာ ရာသီမရွေး တိုက်ပွဲဝင်နိုင်သည့် အင်ဂျင်နှစ်လုံးတပ် ဂျက်ဖိုက်တာဖြစ်ပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၃၅ သန်းခန့်တန်ကြေးရှိသည်။ စစ်ကောင်စီက ရုရှားနိုင်ငံမှ SU 30 လေယာဉ် ၆ စီး ဝယ်ယူရန်သဘောတူညီထားပြီး ၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံသို့ SU 30 နှစ်စင်းကို ရုရှားတို့က ပေးပို့ခဲ့ကာ မြန်မာလေယာဉ်မှူးများကိုလည်း ရုရှားက လေ့ကျင့်ပေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။
“လေကြောင်းတိုက်ခိုက်မှုတွေက နွေဦးတော်လှန်ရေးအပေါ်မှာ အဓိက အဆုံးအဖြတ်ပေးနိုင်တယ်လို့ စစ်ဗိုလ်ချုပ်တွေက ယုံကြည်နေတဲ့အနေအထား ရှိတယ်။ ဒါကြောင့် လေကြောင်းတိုက်ခိုက်မှုတွေကို သူတို့ (စစ်ကောင်စီ) ဘက်က တိုးမြှင့်လုပ်ဆောင်လာမယ့်အလားအလာတွေ ရှိတယ်။ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ ဒါကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်”ဟု တပ်မတော်အရာရှိ CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
စစ်ကောင်စီလေတပ်တွင် ရုရှားနိုင်ငံထုတ် Yak 130 အမျိုးအစား တိုက်လေယာဉ် ၁၈ စီးရှိပြီး နေပြည်တော်လေတပ်တွင် ၆ စီး၊ မန္တလေးတိုင်းရှိ တံတားဦးလေတပ်တွင် ၁၀ စီးနှင့် ရန်ကုန်တိုင်းရှိ မှော်ဘီလေတပ်တွင် အရံအဖြစ် ၂ စီးထားရှိကြောင်း သိရသည်။
နေပြည်တော်လေတပ်မှ Yak 130 အုပ်စုလေယာဉ်များကို ယာယီအုပ်မှူးအဖြစ် ဗိုလ်မှူး သက်လင်းမောင်နှင့် ဗိုလ်မှူး နေဝင်းကျော်တို့က ဦးစီးပြီး တံတားဦးလေတပ်မှ Yak 130 အုပ်ကို ဗိုလ်မှူး ရဲဇော်နိုင်က ဦးစီးကြောင်း သိရသည်။ စစ်ကောင်စီလေတပ် Yak 130 အုပ်တစ်ခုလုံး၏ လက်ရှိတာဝန်ခံအဖြစ် တံတားဦးလေတပ်မှ ဗိုလ်မှူး ရဲဇော်နိုင်က ဆောင်ရွက်နေခြစ်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီဝယ်ယူထားသည့် ရုရှားထုတ် SU30
#လေကြောင်းစစ်ဆင်ရေး #လက်ခတ်တောင် #မြ၀တီ #SU30 #Ayeyarwaddy_Time