ဧရာဝတီတိုင်းမ်

ဩဂုတ် ၂၂ ရက်

စစ်ကောင်စီက ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်သူများကို အရေးယူမည်ဟု သတိပေး ထုတ်ပြန်ပြီးနောက် ၂ ရက်အတွင်း အမေရိကန်ဒေါ်လာ လဲလှယ်ရေး ဈေးနှုန်း ငွေကျပ် ၂၀၀ ခန့်လျော့ကျပြီး ရွှေဈေးမှာ ကျပ်တစ်သိန်း အထိပြန်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။

ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ ညနေဈေးပိတ်ချိန် နိုင်ငံခြားငွေလဲ လှယ်ရေးနှုန်းထားတွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃,၇၄၀ မှ ၃,၇၂၀ ဝန်းကျင်ရှိပြီး အကယ်ဒမီရွှေ တစ်ကျပ်သားလျှင် ကျပ် သိန်း ၃,၈၁၀,၀၀၀ ရှိကြောင်းသိရသည်။

ယနေ့ နံနက်ပိုင်းတွင် အကယ်ဒမီအခေါက်ရွှေ အဝယ်ဈေး ကျပ်သိန်း ၃,၆၀၀၃,၀၀၀၊ အရောင်း ကျပ် သိန်း ၃,၆၀၀,၈၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ဈေးပြန်တက်သွားခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်နေ့က အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၃,၉၅၀ မှ ၃,၉၈၀ ဝန်းကျင်ရှိပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် သိန်း ၃,၉၇၀,၀၀၀ မှ ၃,၉၆၀,၀၀၀ ခန့်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

စစ်ကောင်စီက အရေးယူမည်ဟု ထုတ်ပြန်ခြင်းကြောင်း ဒေါ်လာဈေးနှင့်ရွှေဈေးနှုန်း ကျလာခြင်းဖြစ်ပြီး တည်ငြိမ်သည့်ဈေးနှုန်းရောက်ရှိရန် လိုအပ်ကြောင်း အရောင်း အဝယ်လုပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။

“ပြည်တွင်း၌နေထိုင်သူ တစ်ဦးသည် တရားဝင်နည်းလမ်းဖြင့်ရရှိထားသည့် အမေရိကန် ဒေါ်လာ ၁၀,၀၀၀ အထိ သို့မဟုတ် ယင်းနှင့်ညီမျှသော ငွေထက်မပိုသော နိုင်ငံခြား ငွေများကို လက်ခံရရှိသည့်နေ့မှ ၆ လ အတွင်း ကိုင်ဆောင်ခွင့်ရှိသည်။ ယင်း ၆ လကာလကျော်သည်အထိ အသုံးမပြုဘဲရှိနေသည့် နိုင်ငံခြားငွေများအား နိုင်ငံခြား သုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချ လဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်းသို့ထည့်သွင်းခြင်း ဆောင်ရွက်ရမည်”ဖြစ်သည်ဟု ဗဟိုဘဏ်တွင်ဖော်ပြထားသည်။

ထို့ကြောင့် ခွင့်ပြုချက် လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများ လက်ဝယ်ကိုင်ဆောင်ထား သည်ကို တွေ့ရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ထပ်မံသတိပေးသည်ဟု စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေး ဝန်ကြီးဌာန ဩဂုတ်လ ၂၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#စစ်ကောင်စီခွင့်ပြုချက် #နိုင်ငံခြားငွေကိုင်ဆောင် #ဗဟိုဘဏ် #အရေးယူမည် #ရွှေစျေး၁သိန်းကျဆင်း #ဒေါ်လာဈေးအနည်းငယ်ကျ #Ayeyarwaddy_Times