နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အင်းစရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်တပ်ကို ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ထံက သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် စစ်ကိုင်းမြို့နယ်၊ ပေါက္ကားကျေးရွာမှ စတင် စစ်ကြောင်းထိုးလာပြီး ပျူစောထီးကြွယ်ပုံကျေးရွာစခန်းချရပ်နားပြီး ဩဂုတ်လ ၂၀ ရက်၊ နေ့လယ်ပိုင်းတွင် အင်းစရွာသို့ ဆက်လက်စစ်ကြောင်းထိုးလာသဖြင့် အာဏာရှင် စနစ်တိုက်ခိုက်ရေး လပြည်သူ့တပ်ဖွဲ့(PAFD) တပ်ဖွဲ့ဝင်များ၊ ဒေသခံပကဖ၊တပ်ရင်း(၃)မှ မိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်း သိရသည်။

“အင်းစရွာအနောက်ဘက်မှာ ကျွန်တော်တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ အဲဒီကနေ သူတို့(စစ်ကောင်စီ) ညနေပိုင်းကျတော့ တလိုင်းကျွန်းနဲ့ ညောင်ပင်ရှည်ဘက်ကို စစ်ကြောင်းဆက်ထိုးသွားတယ်” ဟု PAFD တပ်ဖွဲ့ခေါင်းဆောင် ကိုတေဇက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီစစ်ကြောင်းတွင် ပါလာသည့် Jammer (ရေဒီယိုလှိုင်းနှောက်စက်) များကြောင့် မိုင်းများမှာ မကွဲဘဲရှိနေစဉ် ရဲဘော်တစ်ဦးမှ လက်လုပ် လက်ပစ်မိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ မိုင်းအားလုံးထကွဲ၍ စစ်ကောင်စီ တပ်ဖွဲ့ဝင် ငါး ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှာ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သော်လည်း ၎င်းတို့၏ ဆိုင်ကယ် ရှစ် စီးကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးကာ ညနေပိုင်းတွင် တလိုင်းကျွန်းကျေးရွာနှင့် ညောင်ပင်ရှည်ရွာများသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

ယင်းစစ်ကောင်စီ စစ်ကြောင်းသည် ဩဂုတ်လ ၂၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ရွာမှ မြင်းမူမြို့နယ်၊ မူးမန္တလေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အဆိုပါကျေးရွာနေ အသက် (၂၃)နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦး အောက်ပိုင်း ပြတ်၍ သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့က မူးမြစ်ခြားတယ်။ အဲဒီမူးမြစ်ရဲ့ အရှေ့ဘက် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ရွာကနေ သူတို့(စစ်ကောင်စီ) လက်နက်ကြီးနဲ့ လှမ်းပစ်လို့ မြင်းမူမြို့နယ် ဘက်က မူးမန္တလေးရွာကိုကျပြီးတော့ ရေချိုးနေတဲ့ အမျိုးသမီး ဆုံးသွားတယ်” ဟု PAFD တပ်ဖွဲ့ခေါင်းဆောင် ကိုတေဇက ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါစစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်ဘက်သို့ ဆက်လက် စစ်ကြောင်းထိုးသွားကြောင်း အာဏာရှင်စနစ်တိုက်ခိုက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)ထံက သိရသည်။

ဓာတ်ပုံ- PAFD

#စစ်ကိုင်းမြို့ #စစ်ကောင်စီစစ်ကြောင်း #မိုင်းဆွဲတိုက်ခိုက်ခံရ #တပ်ဖွဲ့ဝင်၅ဦးသေဆုံး #Ayeyarwaddy_Times