
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၂ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့၌ ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့ကစပြီး ညဥ့်နက်ချိန်အပြင်ထွက်သူ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်မှဖမ်းဆီးကာ ဖားခုန်ခိုင်းခြင်းနှင့် ဒူးထောက်လက်မြှောက် ခိုင်းခြင်းစသည့်တို့ကို ဒဏ်ပေးပြုလုပ်ခိုင်းမှုများရှိခဲ့ကြောင်းမြို့ခံများထံကသိရသည်။
ရေကြည်မြို့တွင်းရှိ လမ်းဆုံနေရာများ၌ ပြီးခဲ့သည့်သြဂုတ်လ ၁၆ ရက်ကစပြီး စစ်ကောင်စီတပ်၊ ရဲ၊ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် အရံမိီးသတ်စသည် အင်အား ၅၀ ဦးထက်မနည်းမှ ည ၇ နာရီမှစ၍ ညဥ့်နက်အချိန်အထိ စစ်ဆေးမှုများပြုလုပ်နေသည်ကိုတွေ့ရှိနေရကြောင်း ဒေသခံများမှပြောသည်။
” ဒီရက်ထဲစစ်တပ်ကော ရဲကော အင်အားအများအပြားနဲ့မြို့ထဲကနေရာအနှံ့စစ်ဆေးတာတွေ့နေရတယ်။ အရင်လတုန်းက အဲလောက်အင်အားမများဘူး။ အခုကဗုံးခွဲမှာကြောက်လို့လားမသိဘူး။ အင်အားတော်တော်လေးသုံးပြီးစစ်နေတာ” ဟု မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ဆေးမှုလုပ်ဆောင်နေအတွင်း ညဥ့်နက်ပိုင်းအလုပ်ပြန်သူများနှင့် အပြင်ထွက်သူများအပေါ်စစ်ကောင်စီတပ်သားများမှ ငွေညစ်တောင်းခံမှုများပြုလုပ်ခြင်းမရှိပဲ ဖားခုန်ခိုင်းခြင်းနှင့် နာရီကြာဒူးထောက်လက်မြှောက် ခိုင်းခြင်းစသည့်တို့ကို အတင်းအကျပ်ပြုလုပ်စေခိုင်းနေပြီး ဒေသခံလူငယ်နှင့်လူလတ် အမျိုးသား ၁၀ ဦးထက်မနည်းအပြစ်ပေးခံခဲ့ရကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များထံကသိရသည်။
” ညပိုင်း အလုပ်နဲ့ပြန်လာတဲ့သူတွေရယ် အကြောင်းကိစ္စနဲ့အပြင်ထွက်တဲ့သူတွေကိုဖမ်းစစ်ပြီးတော့ဒဏ်ပေးတာပေါ့။ အဓိကလုပ်နေတာစစ်တပ်ကသူတွေလုပ်နေတာ။ သေနတ်နဲ့ချိန်ပြီး ဖားခုန်ခိုင်းတာတို့အချိန်ကြာဒူးထောက်လက်မြှောက်ခိုင်းတာတို့ လုပ်ခိုင်းတယ်။ လူငယ်လေးတွေတချို့ဆိုရင်လူလတ်ပိုင်းအရွယ်တွေအကုန်ဒဏ်ပေးခံရတယ်။ဒဏ်ပေးခံရတာ ၁၀ ယောက်ကျော်လောက်ရှိတော့မယ်။ အပြင်ထွက်ရင်တော့သတိထားသွားဖို့ပဲပြောချင်တယ်” အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကဆိုသည်။
ထို့အပြင်အသုတ်မြို့တွင်း၌ မြို့နယ်ထွေအုပ်ရုံး၊ ချောင်းကူးတံတားအနီးနှင့် ဧဒင်ကဖီးရှေ့တို့၌ စစ်ကောင်စီတပ်နှင့် ရဲအဖွဲ့မှ နေ့ရောညပါ လုံခြုံရေးတင်းကျပ်စစ်ဆေးမှုအပြင် မကြာခဏ ယာဥ်စည်းကမ်းထိန်းသိမ်းရန်ဆိုကာအကြောင်းမဲ့ ဆိုင်ကယ်၊ ထော်လာဂျီများကိုဖမ်းဆီးပြီးငွေတောင်းယူပြီးသာပြန်လွှတ်ပေးလေ့ရှိသည်။
ဓာတ်ပုံ-လူမှုစာမျက်နှာ
#ရေကြည်မြို့ #စစ်ကောင်စီတပ် #ဒေသခံ #ဖားခုန် #Ayeyarwaddy_Times