
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၂ ရက်
ဧရာဝတီတိုင်း၊ ဓနဖြူမြို့၌ သြဂုတ်လ ၁၇ ရက်က ရဲထံငွေကြေးပေးကာလုပ်ကိုင်နေသည့် လောင်းကစားဒိုင်များအား စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီးခဲ့ပြီးလစဥ်တပ်တွင်းရန်ပုံငွေအဖြစ် ဒိုင်များထံငွေသိန်းချီတောင်းယူမှုများရှိနေကြောင်းသတင်းရရှိသည်။
ဓနုဖြူ မြို့တွင်းရှိ ရဲထံငွေပေး၍ နှစ်လုံးနှင့် သုံးလုံး ထီလောင်းကစားလုပ်ကိုင်သူများအား စစ်ကောင်စီတပ်နှင့် ခရိုင်ဒနအဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ကြောင်း ဓနုဖြူမြို့ခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
” ခရိုင်ဒနနဲ့ စစ်တပ်တွေသတင်းအတိအကျနဲ့လောင်းကစားဒိုင်တွေကိုလိုက်ဖမ်းတာ။ မိတဲ့သူတွေကတော့နည်းနည်းပဲရှိတယ်။ပြေးတဲ့သူကတော့ပြေးကြတာ” ဟု သူကပြောသည်။
စစ်ကောင်စီတပ်နှင့် ခရိုင်ဒနအဖွဲ့ ဖမ်းဆီးမည့်အပေါ် နယ်မြေခံရဲနယ်ထိန်းများမှ လောင်းကစားဒိုင်များကိုကြိုတင်သတင်းပေးပို့ခဲ့မှုကြောင့်လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
မြို့တွင်းရှိ လောင်းကစားဒိုင်အားလုံးနီးပါးကို ယခုသြဂုတ်လ ကစပြီး တစ်ဦးလျှင်ငွေကျပ် ၂၀ သိန်းမှ သိန်း ၁၀၀ ပေးရန် စစ်ကောင်စီတပ်မှ ဖိအားပေးတောင်းခံနေရကြောင်း မြို့တွင်းရှိ နှစ်လုံးထီလောင်းကစားဒိုင်လုပ်ကိုင်သူများထံကသိရသည်။
ဓနုဖြူမြို့နယ်တွင် တရားမဝင် နှစ်လုံးထီနှင့်သုံးလုံးထီလုပ်ကိုင်သူ ဦးရေ ရာချီရှိနေပြီး ရဲထံ လစဥ်ကြေးအဖြစ် ငွေကျပ် ငါးသိန်းမှ သိန်း နှစ်ဆယ် ဝန်းကျင်ပေးအပ်၍ လုပ်ကိုင်နေကြကြောင်းမြို့ခံတွေထံကသိရသည်။
#ဓနုဖြူမြို့ #စစ်ကောင်စီတပ် #လောင်းကစား #ရဲ #Ayeyarwaddy_Times