
နွေဦးမောင် ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၂ ရက်
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာထိပ်၊ ရန်ကုန်-ထားဝယ် ကားလမ်းပေါ်ရှိ ကွန်ကရစ်တံတားတစ်စင်း ယမန်နေ့ သြဂုတ် ၂၁ ရက်နေ့ ညနေပိုင်းက ကျိုးကျခဲ့ကြောင်း ခရီးသွားပြည်သူများထံက သိရသည်။
ရန်ကုန်-ထားဝယ် ကားလမ်းပေါ်ရှိ ကွန်ကရစ်တံတားသည် ယမန်နေ့ ညနေ ၆ နာရီခန့်တွင် ကျိုးကျခဲ့ခြင်းဖြစ်ပြီး တံတားကျိုးကြမှုကြောင့် ရန်ကုန်-ထားဝယ် ကုန်စည်ပို့ဆောင်ရေးကားများအပြင် ခရီးသွားကားများပါ ပိတ်မိ၍ ရပ်တန့်ခဲ့ရကြောင်း သိရသည်။
“တံတားကတော့ အရမ်းအိုနေပြီဗျ။ လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကတည်းက အန္တရာယ် ရှိနိုင်တယ်ဆိုပြီး ကုန်တင်ကားတွေကအစ သတိနဲ့ဖြတ်နေကြတာ။ အခုက တံတားကို ပြုပြင်ထိမ်းသိမ်းမှုတွေ မရှိဘဲ လမ်းတံတားအဖွဲ့တွေကလည်း လုပ်စားနေကြတော့ ခုလိုကျိုးကျတဲ့အဆင့်ထိဖြစ်သွားတာပေါ့။ လမ်းလွှဲမရှိတော့ နောက်ကြောင်းပြန်လှည့် ရမှာပဲ။ ကုန်စည်ပို့ဆောင်တာတော့ ရပ်တန့်သွားတာပေါ့” ဟု ထားဝယ်-ရန်ကုန် အဝေးပြေးကား မောင်းသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲတဲ့ ရက်ပိုင်းအတွင်းကအဆိုပါ တံတားကို စစ်ကောင်စီ လက်အောက်ခံ ဆောက်လုပ်ရေး လမ်းတံတားအဖွဲ့က ပြုပြင်ထိန်းသိမ်းရန် လာရောက် ကြည့်ရှု၍ ပြင်ဆင်မှုအချို့ လုပ်ဆောင်ခဲ့သော်လည်း ကျိုးကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက မိုးရွာသွန်းမှုများကာ မြေပြိုကျ၍ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ပျက်စီးခဲ့ပြီး ခရီးသွားယာဥ်များအပါအဝင် ကုန်စီးဆင်းမှုများ ခေတ္တရပ်နားခဲ့ရသည်။
ဓာတ်ပုံ-ရန်ကုန် -ထားဝယ် လမ်းပေါ်တွင်ကျိုးကြနေသည့် ကွန်ကရစ်တံတား
#ရန်ကုန်ထားဝယ်ကားလမ်း #ကွန်ကရစ်တံတားကျိုးကြ #ကုန်စည်စီးဆင်းမှု #ပြတ်တောက် #Ayeyarwaddy_Times