
ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၂၂ ရက်
ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – KNDO နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မြ၀တီမြို့အနီးရှိ စစ်ကောင်စီတပ် ရှေ့တန်းစခန်းဖြစ်သည့် ထီးကပလယ်စခန်းကို ဒရုန်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
တပ်မဟာ ၆ အတွင်းရှိ စစ်ကောင်စီတပ် ထီးကပလယ်စခန်း၌ စစ်ကောင်စီတပ်၏ အမှတ် ၃၂ ခြေလျင်တပ်ရင်း၊ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းတို့ အခြေစိုက်တပ်စွဲထားပြီး KNDO နှင့် Federal Wings ဒရုန်းတပ်ဖွဲ့တို့က ဩဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ထီးကပလယ်စခန်းကို ကျွန်တော်တို့ ဒရုန်းနဲ့ ၉ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ အဲ့စခန်းမှာက ခလရ ၃၂ နဲ့ ခမရ ၅၅၆ အထိုင်ချထားတဲ့စခန်း။ ရန်သူဘက်က အထိအခိုက်ရှိတယ်။ အတိအကျတော့ ကျွန်တော်တို့ စုံစမ်းနေဆဲပါ။ ကျွန်တော်တို့ တော်လှန်ရေးဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိပါဘူး”ဟု စစ်ဆင်ရေးဦးဆောင်သူ KNDO တပ်မှ အရာရှိတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ လက်ခတ်တောင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီး
ကရင့်အမျိုးသားအစည်းအရုံး – KNU လက်အောက်ခံတပ်များနှင့် PDF ပူးပေါင်းတပ်များက စစ်ကောင်စီတပ်၏ လက်ခတ်တောင်စခန်းကုန်းကို ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့တွင်သိမ်းယူခဲ့သည်။ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့ဝင်များက မြေပြင်စစ်ကြောင်းများ၊ တာဝေးပစ်အမြောက်များ၊ လေကြောင်းပစ်ကူများကိုပါ အသုံးပြု၍ အဆိုပါစခန်းကုန်းကို ပြန်လည်ရယူရန် ကြိုးစားနေပြီး တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေဆဲ ဖြစ်သည်။
လက်ခတ်တောင်စခန်းကုန်းတိုက်ပွဲ ပြင်းထန်နေချိန်တွင် KNDO နှင့် PDF ပူးပေါင်းတပ်များက တပ်မဟာ ၆ အတွင်းရှိ အခြားသော ရှေ့တန်းစခန်း ထီးကပလယ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
#တပ်မဟာ၆ #ထီးကပလယ်စခန်း #ဒရုန်း #စစ်ဆင်ရေး Ayeyarwaddy_Times