
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၁ ရက်
ဧရာ၀တီတိုင်း၊ ကြံခင်းမြို့ ထွေအုပ်ရုံးတွင် သြဂုတ်လ ၁၉ ရက်နေ့က PDF သင်တန်းဆင်း လာသူ ၁၀ ဦး စစ်ကောင်စီထံအလင်း၀င်လာသည်ဟုဆိုကာ အခမ်းအနားဖြင့်ကြိုဆိုကာ ဓာတ်ပုံရိုက်ပြီး ဝါဒဖြန့်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
အလင်း၀င်ရောက်လာသူ ၁၀ ဦးမှာ PDF တပ်ဖွဲ့၀င်များမဟုတ်ဘဲ စစ်ကောင်စီမှ ၅၀၅(က)နှင့် အမှုဖွင့်ထားသောကြောင့် ရှောင်တိမ်းနေရသူများဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှသိရသည်။
“တော်လှန်ရေးလုပ်နေတဲ့လူတွေ ပြန်၀င်ရင်လက်ခံတယ်ဆိုပြီး တင်နေတာ။ အမှန်က တစ်ချို့ facebook ပေါ်မှာတော်လှန်ရေးသတင်းတွေ တင်မိလို့ ဖမ်းမှာကြောက်ပြီး ပြေးနေတဲ့လူလောက်ပဲ ခံ၀န်ထိုးလို့ရတာ။ pdf လို့သတင်းကြားတာနဲ့ လက်ခံဖို့နေနေသာသာ မိသားစုတောင်လိုက်ဒုက္ခပေးနေတာ၊ အလင်း၀င်တယ်ဆိုတာ သူတို့ဝါဒဖြန့်နေတာ”ဟု ဒေသခံတစ်ဦးကဧရာ၀တီတိုင်းမ်ကိုပြောသည်။
ကြံခင်းမြို့နယ်အတွင်း PDF ဟုစွတ်စွဲခံရသူ အမျိုးသား၊ အမျိုးသမီး ၃၀ နီးပါးရှိပြီး စစ်ကြောရေးစခန်းနှင့် ရဲစခန်းတွေမှာ စစ်ဆေးနေပြီး ယနေ့အချိန်ထိ မိသားစုနဲ့အဆက်သွယ်မရသေးကြောင်း သိရှိရသည်။
ကြံခင်းမြို့နယ်အတွင်း ရခိုင်ရိုးမနှင့် ထိစပ်နေသောသစ်တောများအတွင်းမှာ PDF တပ်ဖွဲ့များရောက်ရှိနေသည်ဟုဆိုပြီး စစ်ကောင်စီတပ်ဖွဲ့၀င်များလစဥ်စစ်ကြောင်းထိုးနေကြောင်းဒေသခံများထံမှသိရှိရသည်။
ကြံခင်းမြို့တွင်အလင်းဝင်သည်ဟု စစ်ကောင်စီက ဝါဒဖြန့်သော်လည်း ဓာတ်ပုံနှင့်သတင်းများသည် မြန်အောင်မြို့နယ်တွင်ရိုက်ကူးမှတ်တမ်းတင်ထားကြောင်း ၄င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။
#ကြံခင်းမြို့ #စစ်ကောင်စီတပ် #PDF #ဝါဒဖြန့် #Ayeyarwaddy_Times