
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၁ ရက်
တရားဝင်ဈေးကွက်တွင် နိုင်ငံခြားငွေဝယ်ယူနိုင်မည်ဖြစ်ပြီး ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာမည့်သူများ ရန်ကုန်အပြည်ပြည်ဆိုင်ရာတွင် အသေးသုံးနိုင်ငံခြား ငွေဝယ် ယူနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။
နိုင်ငံခြားငွေသားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ဆိုက်ရောက်/ထွက်ခွာ)တွင် ပြည်တွင်းဘဏ်များက အလှည့်ကျစနစ်ဖြင့် ဘဏ်ကောင်တာ သုံး ခုဖွင့်လှစ်၍ ရောင်းချ မည်ဖြစ်ကြောင်းသိရသည်။
ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ၊ ဆေးကုသရန်သွားလိုသူများ၊ ပညာသင်ကြားမည့်သူများ အပါအဝင်ဘုရားဖူးထွက်ခွာသူများ၊ နိုင်ငံခြားသို့အစည်း အဝေးတက်ရောက်ရန်သွားမည်သူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (သို့မဟုတ်) ယင်းတန်ဖိုးနှင့်ညီမျှသော နိုင်ငံခြားငွေသားရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းဘဏ်များက အသေးသုံးနိုင်ငံခြားငွေ ၀ယ်ယူရ အဆင်ပြေစေရန်အတွက် လေဆိပ်ကောင်တာများတွင် ရောင်းချပေးနေကြောင်း ဩဂုတ်လ ၁၉ ရက်နေ့၌ နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကျင်းပသည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဥက္ကဌက ပြောကြားခဲ့သည်။
“ပြည်ပသွားမယ့်သူတွေ အသေးသုံးနိုင်ငံခြားငွေ ဝယ်တာအဆင်ပြေစေဖို့အတွက် လေဆိပ် ကောင်တာတွေမှာ AD လိုင်စင်ရ ဘဏ်တွေက ငွေသားလက်ကျန်ပေါ် မူတည် ပြီးတော့ ရောင်းချပေးနေတယ် ” ဟု ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်း သန်းဆွေက ဖြေကြား သည်။
လက်ရှိတ္ငင် ပြည်ပကုန်သွယ်ရေး ငွေပေးချေမှုနှင့်ပတ်သက်ပြီးအဆင်ပြေမှုရှိစေရန်၊ ကုန်ဈေးနှုန်းကြီးမြင့်နေမှုကိုထိန်းကျောင်းရန်နှင့် နိုင်ငံခြားငွေကြေးကို တရားဝင်ဈေး ကွက်များတွင်ရောင်းဝယ်နိုင်ရန် ဆောင်ရွက်နေကြောင်း ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်း သန်းဆွေက ဆက်လက်ပြောကြားသည်။
လုပ်ငန်းရှင်များလိုအပ်သည့် နိုင်ငံခြားငွေကို online trading စနစ်ဖြင့် ဝယ်ယူရခြင်းဖြစ်ပြီး လိုအပ်သောငွေပမာဏအထိ ဝယ်ယူနိုင်ခြင်း မရှိကြောင်း ပို့ကုန်၊သွင်းကုန်လုပ်ငန်းဆောင်ရွက်သူတစ်ဦး ထံကသိရသည်။
“ဒေါ်လာဝယ်ဖို့ ဘဏ်ကိုတင်ရတယ်။ လိုသလောက်လည်းဝယ်လို့မရဘူး။ သူတို့ဈေးနဲ့ ဘဏ်မှာဝယ်ဖို့ကလည်းစောင့်ရတယ်။ စာရင်းတင်ထား ရသလောက်ဝယ်။ လိုတာအပြင် မှာ ထပ်ဝယ်ရတယ်။ သူတို့ကတင်းကျပ်ထားတာကို ” ဟု ၎င်းက ဆိုသည်။
စက်သုံးဆီလိုအပ်မှုမရှိစေရန်နှင့် နိုင်ငံစီးပွားရေးအတွက်လိုအပ်သော ကုန်ကြမ်း ပစ္စည်း တင်သွင်းနိုင်ရန်လိုအပ်သည့် နိုင်ငံခြားငွေကြေးရရှိနိုင်ရန် ဖြည့်ဆည်းပေးနေကြောင်း ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေက ဆိုသည်။
အမေရိကန်ဒေါ်လာဈေးသတ်မှတ်ရာတွင် ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပို့ကုန်ဝင်ငွေ၊ non trade ( သင်္ဘောသားလစာ) ဝင်ငွေများကို ဘဏ်ဖြတ် ဈေး တစ်ဒေါ်လာလျှင် ကျပ် ၂၉၀၀ သတ်မှတ်ဖြင့် ပြန်လည်ရောင်းချရသည်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထိုသို့ သက်မှတ်မှုများရှိသော်လည်း လက်ရှိပြင်ပပေါက်ဈေးတွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၃၈၀၀ ဝန်းကျင်အထက်တွင် ရှိကြောင်း စုံစမ်းသိရသည်။
ဘဏ်ရောင်းဈေး onlin market rate ဖြင့်ဝယ်ယူပြီး တရားမဝင် ဈေးဖြင့် ပြန်လည်ရောင်းချခြင်းမပြုရန် နှင့် Online တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းထား မဟုတ်ဘဲ ဈေးကစားသူများ၊ ပို့ကုန်ရငွေဝင်ရောက်မှုမရှိသည့် ကုမ္ပဏီများကို ကြီးကြပ်မည် ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေက ပြောကြားထားသည်။
ဓာတ်ပုံ – စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်အစည်းအဝေးပြုလုပ်နေစဉ်
#စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ် #နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း #နိုင်ငံခြားငွေအသေးသုံး #ရန်ကုန်လေဆိပ် #ရောင်းချမည် #Ayeyarwaddy_Times
#Ayeyarwaddy_Times