ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၁ ရက်

ဧရာဝတီတိုင်း စစ်ကောင်စီတပ်အင်အား မလုံလောက်မှုကြောင့် သြဂုတ်လဒုတိယအပတ်ကစပြီး စစ်ကောင်စီထောက်ခံသူ အင်အား တစ်ရာကျော်ကို ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့အဖြစ်စစ်သင်တန်းပေးကာ အင်အားဖြည့်တင်း နေကြောင်း သတင်းရရှိသည်။

ကွင်းကောက်မြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ ဒုတိယအပတ်ကစပြီး စစ်ကောင်စီ ထောက်ခံသည့် ကြံ့ခိုင်ရေးပါတီဝင်အချို့ကို မြို့တွင်း၌ တပ်အင်အားမလုံလောက်ဟု အကြောင်းပြကာ ရက်တိုစစ်သင်တန်းပေး၍ အင်အားစုဆောင်းနေကြောင်း မြို့နယ်ကြံ့ခိုင်ရေးပါတီဝင် တစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

” ကြံ့ခိုင်ရေးပါတီဝင်ထဲက လူငယ်နဲ့လူလတ်အရွယ်တွေကို ပြည်သူ့စစ်ပုံစံနဲ့အင်အားစုနေတယ်။ စစ်တပ်ဘက်ကလည်း အင်အားနည်းနေတာနဲ့ ရှေ့တန်းပို့နေတာဆိုတော့ အင်အားဖြည့်ဖို့ လုပ်နေတဲ့သဘောပေါ့။ ရက်တိုနှစ်ပတ်သင်တန်းပြီးတဲ့သူတွေကို စစ်ဝတ်စုံနဲ့ လက်နက်တွေထုတ်ပေးပြီးတော့ မြို့အပြင်ဂိတ်တွေမှာ လုံခြုံရေးကင်းစောင့်ခိုင်းတာတွေရှိနေတယ်” ဟု ၄င်းကပြောသည်။

ထို့အပြင် စစ်သင်တန်းတက်ရောက်ရန် ရပ်ကျေး ကြ့ခိုင်ရေးပါတီဝင် ၅၀ ဦးထက်မနည်းကို သြဂုတ်လ၁၆ရက်ကစပြီး ရေပူစမ်းတပ်ရှိရာသို့ ပို့ဆောင်နေကာ အင်္ဂပူ-ကွင်းကောက် ကားလမ်းမ နေရာအချို့တွင် စစ်သင်တန်းဆင်း ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့အချို့ကို ကင်းပုန်းဝပ်ရန် စေခိုင်းခံနေရကြောင်း စစ်ကောင်စီထောက်ခံသည့်အသိုင်းအဝန်းထံကသိရသည်။
” စစ်သင်တန်းတက်ဖို့ ရေပူစမ်းတပ်နေရာကို အယောက်၅၀ လောက်ပို့ပြီးသွားပြီ။ အင်္ဂပူ-ကွင်းကောက်လမ်းပေါ်မှာလည်း သင်တန်းဆင်းတွေကိုကင်းပုန်းဝပ်ခိုင်းနေတာရှိနေတယ်” ဟု ကွင်းကောက်မြို့ခံ စစ်ကောင်စီထောက်ခံသူတစ်ဦးကဆိုသည်။

အဂ်ပူမြို့နယ်တွင် ပျူစောထီး(ပြည်သူ့စစ်) အဖွဲ့များကို သြဂုတ်လပထမအပတ်ကစပြီး အင်အားဖြည့်တင်းနေသော်လည်း မြို့နယ်အတွင်း၌ ခိုးဆိုးလုယက်မှု များ ဖြစ်ပေါ်နေပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်းမြို့ခံများထံကသိရသည်။

#ကွင်းကောက် #ပျူစောထီး(ပြည်သူ့စစ်)အင်အား #တစ်ရာဝန်းကျင်ထက်မနည်း #စစ်သင်တန်းပေးနေ
#Ayeyarwaddy_Tim