
ဧရာဝတီတိုင်းမ်
(ရွှေကျင်)၊ ဩဂုတ်လ ၂၁ ရက်
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၅၉၈ တပ်ရင်း ဂိတ်ဝကို ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များက ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ဒေသခံများနေထိုင်ရာ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး နှစ်လုံးပြန်လည်ပစ်ခတ်ခဲ့ရာ ရှမ်းစုရွာဟောင်းတွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် ကိုမျိုးမင်းဇော်၏ လက်ကောက်ဝတ်ထိမှန် ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
“ရန်သူ(စစ်ကောင်စီတပ်)ဘက်က ပြောထားတာရှိတယ်။ နောက်တစ်ခါသူတို့ကိုလာပစ် ရင်ရွာထဲကိုပဲ ပစ်မယ်ဆိုပြီးပြောထားတာရှိတယ်။ ရွာထဲကိုပစ်ထည့်ဖို့လည်း အမိန့်ကျ ထားတာ ရှိတယ်လို့သိရတယ်။ အခုဖြစ်စဉ်မှာဆိုလည်း ဖြစ်ပြီးတာနဲ့သူတို့က ရွာထဲကို ပစ်ထည့်လိုက်တာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်ကောင်စီသည် အဆိုပါနေ့တွင်ပင် ဆက်လက်ပြီး ၈၁-မမ လက်နက်ကြီး များဖြင့်ကျေးရွာများထဲသို့ ရမ်းသန်းပစ်ခတ်နေရာဝင်းကံရွာနှင့် ရှမ်းစုအောက်ရွာများ ဘက်သို့ ကျကောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ညနေပိုင်းကလည်း ရွှေကျင်မြို့နယ်အတွင်းရှိ ခြေတော် ရာရွာနှင့် သရက်ချောင်းရွာကြားရှိ ကားလမ်းကိုလည်း မြေတူးစက်ဖြင့် ကန့်လက်ဖြတ် တူးဖော်ကာ ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့တွင် ကေအန်ယူ-တပ်မဟာ(၃) အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီကလက်နက် ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကျောင်းသား နှစ်ဦးအပါအဝင် ဒေသခံ လေး ဦး သေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထံက သိရသည်။
#ရွှေကျင် #လက်နက်ကြီး #စစ်ကောင်စီ #ပစ်ခတ် #ခြိမ်းခြောက် #Ayeyarwaddy_Times