
ဧရာ၀တီတိုင်းမ်
သြဂုတ်လ ၂၁ ရက်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ မင်းရွာနယ်မြေ ရဲစခန်းကို ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့၀င်များမှ ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ၀င်ရောက်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ငါး ဦး သေဆုံးခဲ့ကြောင်း ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် ABSDF Column – 3 က ထုတ်ပြန်ထားသည်။
“စစ်ကောင်စီဘက်က သေဆုံးမှုကို စစ်မြေပြင်သတင်းတွေအရ ကျွန်တော်တို့သိရပါ တယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီတိုက်ပွဲမှာ ထိခိုက်ဒါဏ်ရာရရှိခဲ့သူရှိပါတယ်။ ကျဆုံး သူတော့မရှိပါဘူး” ဟု ABSDF အမှတ် (၁၂) တပ်ရင်း၊ တပ်ဖွဲ့၀င်တစ်ဦးက ဧရာ ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါ တိုက်ပွဲကို ABSDF အမှတ် (၁၂) တပ်ရင်း၊ ဂန့်ဂေါခရိုင် PDF တပ်ရင်း(၁) ၊တပ်ရင်း (၇)၊ တပ်ရင်း (၁၁) ၊ တပ်ရင်း (၁၂) ၊တပ်ရင်း(၁၄) ၊ မင်းဘူးခရိုင် PDF တပ်ရင်း ၊ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၊ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပ.က.ဖ) များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး ငါးလုံးကြဲချခဲ့ပြီး ဂန့်ဂေါမြို့ အမြှောက် တပ်ရင်းမှလည်း အမြှောက်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ် ခဲ့သည်။
ထို့ပြင် ဂန့်ဂေါမြို့မှတဆင့် မြစ်သာမြစ် အရှေ့ဘက်ကမ်းအတိုင်း စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်သည် စစ်ကူအဖြစ်ရောက်ရှိလာ၍ ကာကွယ်ရေးတပ်ပေါင်းစု အဖွဲ့မှ ပြန်လည်ဆုတ်ခွာခဲ့ပြီး PDF တပ်ဖွဲ့ဝင်ငါး ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့၀င်များထံကသိရသည်။
ဓာတ်ပုံ – မင်းရွာရဲစခန်းအား ဝင်ရောက်တိုက်ခိုက်၍ ပြန်လာသည့် ABSDF အမှတ် (၁၂) တပ်ရင်းမှ ရဲဘော်များ
#ဂန့်ဂေါ #မင်းရွာနယ်မြေရဲစခန်း #တိုက်ခိုက်ခံရ #စစ်ကောင်စီလက်အောက်ခံ #ရဲတပ်သား၅ဦးသေ #Ayeyarwaddy_Times