
နွေဦးမောင် /ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၁ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့ ညဈေးတန်းအနီးရှိ ရွှေမတ်စတိုးဆိုင်ရှေ့တွင် ယမန်နေ့ သြဂုတ်လ ၂၀ ရက်နေ့ ည ၇ နာရီ ကျော်ခန့်က ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေလဲလှယ်ပေးသည့် ကိုမျိုးမင်းကို ငွေလဲသူဟန်ဆောင်ကာ ဓားဖြင့်ထိုး၍ ငွေများလုယူသွားကြောင်း ဒေသခံများထံက သိရသည်။
ငွေလဲလှယ်ပေးသူ ကိုမျိုးမင်းသည် ဓားဖြင့်အထိုးခံရသည့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
“ညဈေးနားက ရွေမတ် စတိုးဆိုင်ရှေ့မှာဖြစ်တာ။ ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေလဲ လှယ်ပေးနေတဲ့ခုံမှာ။ ပိုက်ဆံလဲတဲ့သူဟန်ဆောင်ပြီး ဓားနဲ့အနီးကပ်ထိုးတာ။ ပြီးတော့ ငွေလဲခုံကငွေတွေကိုယူပြီးထွက်ပြေးသွားတာ။ ဓားနဲ့အထိုးခံရတဲ့ ကိုမျိုးမင်းကတော့ နေရာမှာပဲ သေဆုံးသွားတယ်” ဟု မျက်မြင်တွေ့ရှိခဲ့ရသူ အသက် (၃၀)ရှိအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြေားသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့ကလည်း မြဝတီမြို့ရှိ မိကျောင်းကုန်းဘုန်းတော်ကြီး ကျောင်းကျောင်းဝင်းတွင် တရားထိုင်နေသည့် အမျိုးသားတစ်ဦး၏ ဦးခေါင်းကို အုတ်ခဲဖြင့်ထု၍ ဖုန်းနှင့်ပိုက်ဆံအိတ် လုယက်မှုဖြစ်ပွားခဲ့ပြီး အုတ်ခဲဖြင့် အထုခံရသူမှာ သေဆုံးခဲ့ကြောင်း ဒေသခံများထံကသိရသည်။
“ကုန်ဈေးနှုန်းတွေက အဆမတန်တက်နေတယ်။ မြဝတီမြို့က ထိုင်းမြန်မာ နယ်စပ် မြို့ ဖြစ်တာကြောင့် ခရီးသွားပြည်သူတွေကော၊ ဒေသခံတွေကော၊ အစစအရာရာဂရုစိုက် သွားလာစေချင်တယ်။ အခုက ခေတ်ပျက်ကြီးလိုဖြစ်နေတော့လုယက်မှု၊ ခိုးမှုတွေက ခဏခဏဖြစ်နေတယ်” ဟု မြ၀တီမြို့ဒေသခံ တစ်ဦးက ဆိုသည်။
#မြဝတီမြို့ #ထိုင်းဘက်ငွေမြန်မာကျပ်ငွေ #လဲလှယ်ပေးသူ #ဓားဖြင့်ထိုးခံရသေဆုံး #Ayeyarwaddy_Times