ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၁ ရက်

နိုင်ငံခြားသုံးငွေကို လက်ခံရရှိသည့်နေမှ ခြောက်လကျော်သည်အထိ တရားမဝင် ကိုင်ဆောင်ထားပါက နိုင်ငံခြားစီမံခန့်ခွဲမှု ဥပဒေဖြင့်အရေးယူခံရမည်ဖြစ်ကြာင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံတော်ဗဟိုဘဏ်က သတိပေးထုတ်ပြန် သည်။

ယခင်က ပြည်တွင်းနေထိုင်သူတစ်ဦးချင်းအနေဖြင့်တရားဝင်ရရှိထားသော အမေရိကန်ဒေါ်လာ တစ်သောင်း (သို့မဟုတ်) ယင်းငွေဖြင့်ညီမျှသော နိုင်ငံခြားငွေကိုင်ဆောင်မှုနှင့်ပတ်သက်ပြီး စည်းမျဉ်းအဖြစ်သတ်မှတ်ထားရာတွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဥပဒေဖြင့တင်းကျပ်လိုက်ခြင်းဖြစ်သည်။

ယင်းပြင်ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေများလက်ဝယ်ကိုင်ဆောင်ထားပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရအရေးယူခံရမည်ဖြစ်ကာ ထောင်ဒဏ်၊ ငွေဒဏ် ( သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံးကျခံရမည်ဟု ပြင်ဆင်ပြဌာန်းထားသည်။

စစ်ခေါင်းဆောင်အာဏာသိမ်းပြီးနောက် တည်ဆဲဥပဒေများကိုဦးစွာပြင်ဆင်ရာတွင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပါဝင်ကာ နိုင်ငံခြားသုံးငွေလုပ်ငန်းလိုင်ခွင့်လိုင်စင်ရှိသူများနေရာတွင် မည်သူမဆိုအစားထိုးကာ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို အများပြည်သူများပါလိုက်နာရန်၂၀၂၁ ခုနှစ်က ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

ပြည်တွင်းနေထိုင်သူတစ်ဦးသည် တရားဝင်နည်းလမ်းဖြင့်ရရှိထားသည့် အမေရိကန်ဒေါ်လာ တစ်သောင်း ( သို့မဟုတ်) ယင်းနှင့်ညီမျှသောငွေထက်မပိုသည့်နိုင်ငံခြားငွေများကို လက်ခံရရှိသည့်နေ့မှ ခြောက်လအတွင်း ကိုင်ဆောင်ခွင့်ရှိကြောင်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတွင် သတ်မှတ်ထားသည်။

ထို့ပြင် ခြောက်လကျော်သည့်အထိအသုံးမပြုဘဲရှိနေသည့် နိုင်ငံခြားငွေများကို နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချလဲလှယ်ခြင်း ( သို့မဟုတ်) ဘဏ်စာရင်းထဲထည့်ခြင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#နိုင်ငံခြားသုံးငွေ #ကိုင်ဆောင်ခွင့် #ဗဟိုဘဏ်တင်းကျပ် #Ayeyarwaddy_Times