ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၁ ရက်

စစ်ကိုင်တိုင်း၊ ကလေးမြို့တောင်ပိုင်းကို သြဂုတ်လ ၁၅ ရက်နေ့မှ စီးနင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် သာစည်ကျေးရွာကို ၅ ရက် ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြပြီး ရွာတွင်းရှိ လူသုံးကုန်ပစ္စည်းနှင့် အခြေခံစားသောက်ကုန်များကိုလည်း ယူဆောင်သွားခဲ့ကာ သာစည်ကျေးရွာနေ အရပ်သားပြည်သူ ငါးဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်အင်အား ၂၀၀ ခန့်သည် သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ ကလေးမြို့နယ် တောင်ပိုင်း သာစည်ကျေးရွာအတွင်းသို့ ၅ ရက်ဆက်တိုက်ထိုးစစ်ဆင်ခဲ့ပြီး အရပ်သားပြည်သူ ငါးဦးသေဆုံးကာ သာစည်ကျေးရွာ သုံးပုံ နှစ်ပုံ ဖြစ်သည့် အိမ်ခြေ ၈၀၀ ခန့် ပြာကျသွားခဲ့သည် ဟု ဒေသခံ ကာကွယ်ရေးတပ်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“သြဂုတ် ၁၅ရက်ကနေစပြီး ဒီနေ့အထိပါပဲ။ စစ်ကောင်စီတပ်က မီးတွေရှို့တာ။ ဟိုနေ့ကလည်း မိုးရွာနေတာကို ရွာတဲ့ကြားကနေ ကြိုးစားပမ်းစားရှို့နေတာ။ စုစုပေါင်း ရွာရဲ့ သုံးပုံ နှစ်ပုံကတော့ ပြာကျသွားပါပြီ။ အရပ်သား ငါး ယောက်လည်း သူတို့သတ်လို့ သေသွားပါပြီ။ အရပ်သား ငါးယောက်ဆိုတာတော့ အတည်ပြုလို့ရပါပြီ။ ရွာထဲမှာ စစ်ကောင်စီတပ်တွေ ရှိသေးလို့ အလောင်းတော့ ပြန်ကောက်လို့မရသေးဘူး” ဟု သာစည်ရွာသားတစ်ဦး ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကလေးတောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များသည် သြဂုတ် ၁၅ ရက်မှ စတင်ကာ ထိတွေ့မှု ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာလာသောကြောင့် Mi-35 ရဟတ်ယာဥ်နှင့်အတူ လက်နက်ကြီးပစ်ကူများဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ရုံမက နိုင်ငံတကာမှ တားမြစ်ထားသော ဓာတုငွေ့များအသုံးပြုလာနေသည်ဟု ကာကွယ်ရေးတပ်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို အတည်ပြု ပြောဆိုထားသည်။

သာစည်ကျေးရွာသည် ကလေးမြို့မှ သုံးမိုင်ခန့်အကွာတွင် တည်ရှိပြီး ပေါက်တိုက်၊ ယောတိုက်၊ စလင်း၊ ရွာမ၊ စမ်းချောင်း ကျောက်ကုန်းစည့် ရပ်ကွက် ‌ခြောက်ခု နှင့် ဖွဲ့စည်းထားပြီး အိမ်ခြေ ၁၅၀၀ ခန့်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။

ပုံစာ – ကလေးတောင်ပိုင်း သာစည်ရွာကို စစ်ကောင်စီတပ်က မီးရှို့နေစဥ်

#ကလေးမြို့ #သာစည်ရွာတွင် #ပြည်သူ၅ဦးကို #သတ်ဖြတ် #ကျေးရွာကို၅ရက်ဆက်တိုက်မီးရှို့
#Ayeyarwaddy_Times