ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၁ ရက်

တောင်ကိုရီးယားနဲ့ အမေရိကန်ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို လက်တုံ့ပြန်မှုအဖြစ် မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ရေတပ်တပ်ဖွဲ့တစ်ခုထံ သွားရောက်လည်ပတ်ကာ စစ်သင်္ဘောတစ်စင်းပေါ်မှ ခရုဇ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်မှုကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ KCNA သတင်းဌာနကို ကိုးကားပြီး ယွန် ဟပ်သတင်းဌာနက ဖော်ပြပါတယ်။

ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားရေတပ်ရဲ့ အရှေ့ပင်လယ်ရေယာဉ်စုက စစ်သင်္ဘောတစ်စင်းကို ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ သွားရောက်တဲ့အချိန်ကို မဖော်ပြဘဲ KCNA သတင်းဌာနက ဆိုပါတယ်။

ကင်ဂျုံအန်ဟာ စစ်သင်္ဘောပေါ်ရှိ ရေတပ်သားတွေ စစ်ရေးလေ့ကျင့်တာကို ကြည့်ရှုခဲ့ပြီး မဟာဗျူဟာ မြောက် ခရုဇ်ဒုံးကျည် စမ်းသပ်တာကို ကြည့်ရှုခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့အမေရိကန်တို့က ယနေ့ Ulchi Freedom Shield (UFS) လို့ အမည်ပေးထားတဲ့ စစ် ရေးလေ့ကျင့်မှုကို စတင်လိုက်ပြီး ကွန်ပြူတာထိန်းချုပ် ကွပ်ကဲမှုလေ့ကျင့်ခန်း၊ စစ်မြေပြင်လေ့ကျင့်မှုနဲ့ အရပ်သား ကာကွယ်ရေးတွေကို ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်း မေရီလန်းပြည်နယ်က ဒေးဗစ်စခန်းမှာ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန် ခေါင်းဆောင်တွေက သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ပြီးနောက် တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့တာပါ။

အဲဒီသုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲမှာ ခေါင်းဆောင်တွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် နဲ့အညီ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး၊ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား နဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေ စွန့်လွှတ်ရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။

မြောက်ကိုရီးယားရေတပ်ကို ခေတ်မီစစ်လက်နက်တွေတပ်ဆင်ပြီး တိုက်ပွဲဝင်နိုင်တဲ့ ခေတ်သစ်တပ်ဖွဲ့ တစ်ခုဖြစ်ရေး လုပ်ဆောင်မယ်လို့ ကင်ဂျုံအန်က ကတိပြုပါတယ်။

မြောက်ကိုရီးယားနိုင်ငံက စစ်သင်္ဘောတွေတည်ဆောက်တာ၊ ရေအောက်လက်နက်စနစ်တွေ ထုတ်လုပ် တာ အပါအဝင် ရေတပ်ဆိုင်ရာ စစ်လက်နက်တွေနဲ့ ခေတ်မီတပ်ဖွဲ့တစ်ခုအဖြစ် တည်ဆောက်မယ်လို့ သူက ဆိုပါ တယ်။

ကိုးကား – South Korea News
Ref; Kim Jong Un inspects cruise missile test amid South Korea-US joint drills

#Ayeyarwaddy_Times