
ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၂၁ ရက်
ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများမှ Non CDM ၀န်ထမ်းများသည် ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယပတ်ကစတင်၍ စစ်ကောင်စီတပ်မ (၂၂) တွင် စစ်သင်တန်း မတက်မနေရ တက်ရောက်ရကြောင်း သိ ရသည်။
စစ်ကောင်စီလက်အောက်ခံ ဌာနများတွင် တာ၀န်ထမ်းဆောင်နေသည့် Non CDM များကို စစ်ရးပြင်းထန်နေသည့် နယ်မြေများတွင် ပြည်သူ့စစ်အဖြစ် တာ၀န်ထမ်းဆောင်နိုင်ရေး အတွက် အသင့်အနေအထားပြင်ဆင်ထားရန် စီမံချက်ဖြင့် ညွန်ကြားထားပြီး တစ်ပတ်ကြာ စစ်ရေးသင်တန်းကို တက်ရောက်နေကြရကြောင်း သိရသည်။
“တပ်မ (၂၂) ထဲမှာ ခြောက်ရက်ကြာ စစ်သင်တန်းတက်ရမယ်ဆိုပြီး စာထုတ်လာလို့ Non CDM တွေအကုန် ဌာနဆိုင်ရာအကုန်လုံး တက်ကြရတာ။ အရန်အင်အားတပ်အဖြစ် အသုံးပြုဖို့ ညွှန်ကြားထားတာ” ဟု ကရင်ပြည်နယ်ရှိ တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ် ကိုပြောသည်။
စစ်ကောင်စီတပ်သည် ကရင်ပြည်နယ်ရှိ လက်ခတ်တောင်စခန်းကို ပြန်သိမ်းပိုက်ရန် စီစဉ်နေပြီး ဘားအံအခြေစိုက် တပ်မ(၂၂)တွင် စစ်သင်တန်းတက်ရောက်နေသည် Non CDM များကို အရန်အင်အားအဖြစ် ကြိုတင် စုဆောင်းခြင်းဖြစ်ကြောင်း သိရ သည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းတွင်လည်း တော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ရန် ပျူစောထီး (ပြည်သူ့စစ်)များကို စစ်သင် တန်းများပေးကာ လက်နက်များ တပ်ဆင်ပေးထားသည်။ ထို့ပြင် ဘုန်းကြီးတစ်ပါးဖြစ်သည့် ဦးဝါသ၀က ဦးဆောင်၍ ဒေသခံပြည်သူများကို လက်နက်ဖြင့် ခြိမ်းခြောက်ဖိအားပေးကာ ပြည်သူ့စစ်သို့၀င်ရန် အဓမ္မအင်အား စုဆောင်းလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ်နယ်မြေအတွင်း ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်ရန်အတွက် ဌာနဆိုင်ရာ စာရင်းပြုစု၍ ပေးပို့ရန်နှင့် ပညာရေး၊ ကျန်းမာရေး၀န်ထမ်းများပါ ပါ၀င်သည်ဟု ရှမ်းပြည်နယ် နယ်လုံ၀န်ကြီးမှ ဩဂုတ် လ ၉ ရက်နေ့က ရုံးတွင်း ညွှန်ကြားစာထုတ်ထားသည်။
အဆိုပါနယ်မြေများရှိ စစ်တပ်၏အရန်အင်အားတွင် ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းပြီး တပ်ရင်းအသွင်ဖွဲ့စည်းရန်နှင့် စစ်တပ်၏အင်အားအပေါ်မူတည်ပြီး တာ၀န်ခွဲပေးခြင်းနှင့် အရေးကြုံပါက အရန်အင်အားဖြင့် ဖွဲ့စည်းတာ၀န်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ပုံစာ-တပ်မ၂၂တပ်ရင်းအားတွေ့ရစဉ် (ပုံးဟောင်း)
#ကရင်ပြည်နယ် #မြ၀တီလက်ခတ်တောင် #ဌာနဆိုင်ရာ၀န်ထမ်းများ #Non-CDM #တပ်မ၂၂စစ်သင်တန်းပေး #Ayeyarwaddy_Times