ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၁ ရက်

ဧရာဝတီတိုင်း ဟင်္သာတမြို့ရှိ လုပ်ငန်းရှင်များအနေဖြင့် အခွန်တံဆိပ်ပြေစာကပ်နှိပ်ခြင်းမရှိပါက လုပ်ငန်းပိတ်သိမ်းမည်ဟု စစ်ကောင်စီလက်အောက်ခံ မြို့နယ်အခွန်ဦးစီးဌာနမှအစည်းအဝေးခေါ်၍ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းဒေသခံလုပ်ငန်းရှင်များထံကသိရသည်။

ဟသ်ာတမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်း၊စားသောက်ဆိုင်၊ရွှေဆိုင်နှင့်မိုဘိုင်းဖုန်းဆိုင်စသည့်လုပ်ငန်းရှင်များကို စစ်ကောင်စီလက်အောက်ခံ အခွန်ဦးစီးဌာနက အခွန်ကောက်ခံခြင်းနှင့်ပက်သက်၍ ဩဂုတ် ၁၉ ရက်နေ့က အစည်းအဝေးခေါ်ယူခဲ့ကြောင်း လုပ်ငန်းရှင်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

” လုပ်ငန်းရှင်တွေအကုန်အလုံးကိုတိုင်းအခွန်ရုံးကဒုညွှန်မှူးဦးခွန်ဇာလွင်နဲ့မြို့နယ်အခွန်ဦးစီးမှူးနော်ခူးဝါဖောတို့က မနက် ၈နာရီကနေနေ့လည်၁၁နာရီ အထိ မြို့နယ်အခွန်ရုံးကိုအစည်းအဝေးခေါ်လိုက်တယ်။ အခွန်တံဆိပ်မကပ်တဲ့ကိစ္စနဲ့ပက်သက်ပြီးတော့ပြောတာပေါ့။အခွန်ဥပဒေပြဌာန်းတာနဲ့အညီလုပ်ဖို့ပေါ့။အခွန်ပြေစာတွေထုတ်ပေးတာတွေကိုတကယ်လုပ်ဆောင်နေတာရှိမရှိမေးသွားတယ်” အစည်းအဝေးသို့တက် ရောက်ခဲ့သူ တစ်ဦးကပြောသည်။

အခွန်တံဆိပ်ကပ်နှံခြင်းမရှိသည့်လုပ်ငန်းရှင်များအပေါ် အခွန်ကောက် ဥပဒေ ၃၉ အရအရေးယူသွားမည်ဟုဆိုကာ အဆိုပါ ဥပဒေဖြင့် အရေးယူခံရလျှင် လုပ်ငန်းများကိုပိတ်သိမ်းခံရမည်ဟု အစည်းအဝေးတက်ရောက်ခဲ့သည့်မြို့ခံလုပ်ငန်းရှင်များထံကသိရသည်။

” အခွန်တံဆိပ်မကပ်တဲ့ဆိုင်တွေစာရင်းရထားတယ်။အဲဒီအတွက်တံဆိပ်မကပ်တဲ့ဆိုင်တွေဆိုရင် သိန်း၆၀ လျှော်ရမယ်။ပြီးရင်ဆိုင်ကိုပါပိတ်သိမ်းမယ်ဆိုပြီးခြိမ်းခြောက်ခံရတယ်။ ကျွန်တော်တို့လည်းပုံမှန်အခွန်စာကပ်ပေးနေတာပဲ။ အခုက တမင်တကာကြားကောင်းအောင်လုပ်ပြနေတာ။ အခုလိုခြိမ်းခြောက်လိုက်တော့​တချို့ဆိုင်ငယ်တွေကလန့်ကုန်တာပေါ့နော်”ဟုအစည်းအဝေးတက်ရောက်ခဲ့သည့်မိုဘိုင်းဖုန်းနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်ရှင်တစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မတ်လ ၃၀ ရက်၌ အခွန်ကောက်ခံဥပဒေကိုပြဌာန်းခဲ့ကာ ယင်းဥပဒေအရလုပ်ငန်းအခွန် ၁၉ ခုကိုစစ်ကောင်စီမှအခွန်စည်းကြပ်ခွင့်ပြုထားသည်။

ထို့အပြင် အခွန်တံဆိပ်ကပ်ခြင်းမရှိသည့်လုပ်ငန်းရှင်များအပေါ် အခွန်ကောက်ခံခြင်းဥပဒေ ပုဒ်မ ၃၉နှင့်ပုဒ်မ ၄၀ အရ အနိမ့်ဆုံးအဖြစ်ကျပ် ၁၀ သိန်းမှအမြင့်ဆုံးကျပ်သိန်း၆၀ အထိ ဒဏ်ငွေချမှတ်နိုင်ကြောင်းဖော်ပြထားသည်။

ဓာတ်ပုံ-စစ်​ကောင်စီလက်အောက်ခံကြေးမုံသတင်းစာတွင် အခွန်အေကြောင်း ဆွေးနွေးမှု သတင်းဖော်ပြထားစဉ်

#အခွန်တံဆိပ်ခေါင်း #ကပ်ခြင်းမရှိပါက #လုပ်ငန်းပိတ်သိမ်းမည် #ဟသ်ာတ #အခွန်ဦးစီးဌာနမှ အစည်းအဝေးခေါ်၍ခြိမ်းခြောက်
#Ayeyarwaddy_Times