ဧရာ၀တီတိုင်းမ်

ဩဂုတ် ၂၀ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတည်ထားသည့် မာရဝိဇယ ပြုံးတော်မူဘုရားကို လာရောက်ဖူးမျှော် သူများထံမှ လာမည့် စက်တင်ဘာ ၃ ရက်နေ့တွင် စတင်၍ ငွေကြေးကောက်ခံမည်ဖြစ်သော်လည်း ရဟန်းသံဃာ၊ သီလရှင် များနှင့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖူးခွင့်ပြုမည်ဟု ဆိုသည်။

စစ်ခေါင်းဆောင်သည် ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့က ၎င်းတည်ထားသည့် မာရဝိဇယဘုရားသို့ သွားရောက်ခဲ့ပြီး ရဟန်းသံဃာ၊ သီလရှင် များနှင့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖူးခွင့်ပြုမည်ဖြစ်ပြီး ၎င်း၏ Non CDM ဝန်ထမ်းများကို ဝင်ကြေးတဝက်သာကောက်ခံ၍ ဖူးခွင့်ပြုမည်ဟု ဘုရားလာရောက် ဖူးမြော်ခဲ့သူ များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးသို့ လာရောက်ဖူးမျှော်သူများ ဩဂုတ် လ ၂၀ ရက်ကစတင်၍ ဝင်ကြေးပေးရမည်ဖြစ်ပြီး လူကြီး၊ ကလေးတစ်ဦးလျှင် ၁၀၀၀ ကျပ်၊ နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ ဒေါ်လာ၊ ဖုန်းနှင့်ကင်မရာတစ်လုံးလျှင် ၅၀၀၀ ကျပ်၊ အလှဓာတ်ပုံရိုက်လျှင် ၅၀၀၀၀ ‌ကျပ် (နာရီ၀က်အချိန် ပိုပါက ၅၀၀၀) ကောက်ခံမည် ဖြစ်ပြီး ယာဉ်တစ်စီးလျှင် ၂၀၀၀၀ ကျပ်၊ Buggy တစ်စီးလျှင် ၁၀၀၀၀ ကျပ် ကောက်ခံမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ထုတ်ပြန်ပြီးနောက် ဝေဖန်မှုများကြောင့် ဩဂုတ်လ ၁၆ ရက်နေ့တွင် ဘုရားဝင်ကြေး သတ်မှတ်နှုန်းထားကို ပြင်ဆင်သည်ဟုဆိုကာ ဖုန်းယူဆောင်လာပါက ၅၀၀၀ ကျပ် ပေးရန် မလို‌တော့ကြောင်း ထုတ်ပြန်ချက်အသစ် တစ်စောင် ထုတ်ပြန်ခဲ့ပြန်သည်။

ထို့နောက် ဩဂုတ်လ ၁၈ ရက်နေ့တွင် အဆိုပါဘုရားအား အခကြေးငွေပေးရန်မလိုဘဲ စက်တင်ဘာ ၃ ရက်နေ့အထိ လာရောက်နိုင်ကြောင်း အခမဲ့လာရောက်နိုင်သည့် ရက်ကို ထပ်မံတိုးမြှင့် ကြေညာခဲ့ပြန်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တည်ထားသည့် မာရဝိဇယ ပြုံးတော်မူဘုရားကြီးသည် စကျင်ကျောက်သားဖြင့် ထုလုပ် ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ စကျင်ကျောက်သားရုပ်ပွားတော်များအနက် ကမ္ဘာ့အမြင့်ဆုံး နှင့်အလေးချိန် အများဆုံး ရုပ်ပွားတော် တစ်ဆူဖြစ်သည်။

ထို့အတူ မြန်မာနိုင်ငံရှိ ဘုရားများအနက် နိုင်ငံသားများ ပိုက်ဆံပေး၍ ဖူးမျှော်ရသော ပထမဆုံး ဘုရားကြီး အဖြစ်ထင်ရှားသည်။

#စစ်ခေါင်းဆောင် #မာရဝိဇယဘုရား #ရဟန်းသံဃာသီလရှင်များ #ကျောင်းသားကျောင်းသူများ #အခမဲ့ဖူးခွင့်ပြု #NonCDMဝင်ကြေးတစ်ဝက် #Ayeyarwaddy_Times