ဧရာ၀တီတိုင်းမ်

ဩဂုတ် ၂၀ ရက်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လက်ခတ်တောင်စခန်းကုန်းကို စွန့်ခွာခဲ့ရသည့် စစ်ကောင်စီတပ်က စခန်းကုန်းရှိ ဘုရားစေတီပုထိုးများနှင့် ဌာပနာများကို PDFတပ်ဖွဲ့များက ဖျက်ဆီး၍ ဖောက်ထွင်းယူရောင်းစားနေကြောင်း စစ်တပ်ဝါဒ ဖြန့် မီဒီယာမှတဆင့် သတင်လွှင့်ခြင်းများ ပြုလုပ်လာကြောင်း သိရသည်။

လက်ခတ်တောင်စခန်းကုန်းပေါ်ရှိ ဘုရားစေတီများမှ ဌာပနာများကို ဘာသာမဲ့ PDF တပ်ဖွဲ့ဝင် အချို့က ဖောက်ထွင်းခိုးယူမှုများပြုလုပ်နေကြောင်းကို ယမန်နေ့ သြဂုတ်လ ၁၉ ရက်နေ့တွင် စစ်တပ်ဝါဒဖြန့် မီဒီယာများမှတဆင့် ရေးသားဖော်ပြခဲ့သည်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီတပ်၏ လက်ခတ်တောင်စခန်း ကုန်းကို ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့တွင် သိမ်းယူခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့ဝင်များသည် မြေပြင်စစ်ကြောင်းများအပြင် တာဝေးပစ်အမြောက်များ ၊ လေကြောင်းပစ်ကူများကိုပါ အသုံးပြု၍ အဆိုပါစခန်းကုန်းကို ပြန်လည်ရယူရန် ကြိုးစားနေသော်လည်း ထိခိုက်သေဆုံးမှုများစွာဖြင့် ယနေ့အထိ ပြန်လည်ရယူနိုင်ခြင်း မရှိပေ။

“သူတို့(စစ်ကောင်စီတပ်)က စခန်းကုန်းပေါ်ကနေ ဘုန်းကြီးကျောင်းတွေနဲ့ ဘုရားစေတီ တွေမှာ အခိုင်အမာတပ်စွဲထားတာ။ ဘုရားမှာတပ်စွဲတယ်။ ဘန်ကာတွေတူးထားတယ်။ ကျွန်တော်တို့ သိမ်းယူရရှိတဲ့အချိန်မှာ ဘုရားစေတီတွေမှာ အကုန်ပျက်စီးနေပြီး ရစရာ ကိုမရှိတော့ဘူး။ သူတို့ပဲ တပ်စွဲပြီး ဖျက်ဆီးခဲ့တာ။ အခုလည်း တာဝေးပစ် အမြောက်တွေနဲ့ပစ်တယ်။ လေယာဉ်တွေနဲ့ ဗုံးကြဲနေတယ်” ဟု လက်ခတ်တောင် စခန်း ကုန်းရှိ မြေပြင်တပ်ဖွဲ့ဝင် တော်လှန်ရေးရဲဘော်တစ်ဦးက ဧရာ၀တီ တိုင်းမ် ကိုပြောသည်။

စစ်ကောင်စီတပ်သည် လက်ခတ်တောင်စခန်းကုန်းရှိ ဘာသာရေး အဆောက်အအုံများနှင့် ဘုရားစေတီများပေါ်တွင် အခိုင်အမာတပ်စွဲခဲ့ပြီး စစ်ကောင်စီတပ်ကသာ ဘာသာရေး အဆောက်အဦးများ ထိခိုက် ပျက်စီးအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

“စစ်တပ်လော်ဘီတွေ စွပ်စွဲသလို ဌာပနာတွေ ဖောက်ယူတယ်ဆိုရအောင် တည်ထား တာက စေတီငယ်တွေပါ။ ကျွန်တော်တို့တွေ့ရတာကတော့ အဲ့ဒီစခန်းကုန်းမှာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးယိုယွင်းနေတဲ့ သာသနိကအဆောက် အအုံတွေကိုပဲ တွေ့ရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များသည် ၎င်းတို့စစ်ကြောင်းထိုး ၀င်ရောက်ခဲ့သည့် ကျေးရွာများရှိ နေအိမ်အဆောက်အဦးများသာမက ဘာသာရေး အဆောက်အဦနှင့် ဘုရားစေတီပုထိုးများကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း တို့ကို အစဉ် တစိုက်ပြုလုပ်လာကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ- လက်ခတ်တောင်ပေါ်ရှိ သာသနိကပရဝုဏ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်း တပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားစဉ်

#ကရင်ပြည်နယ် #လက်ခတ်တောင် #စစ်ကောင်စီစခန်းကုန်း #ဘာသာရေးခုတုံးလုပ် #ဝါဒဖြန့် #Ayeyarwaddy_Times