ဧရာဝတီတိုင်းမ်

(ပဲခူးတိုင်း)၊ ဩဂုတ်လ ၁၉ ရက်

ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းရှိ တောကျွဲအင်းမြို့နှင့် ကညွတ်ကွင်းမြို့ ကြားတွင် စစ်ကောင်စီက လက်နက်နှင့် ခဲယမ်းများ တင်ဆောင်လာသည်ဟုဆိုသော ရထားတစ်စီးကို တော်လှန်ရေးအင်အားစုများက ဩဂုတ်လ ၁၈ ရက် နံနက် ၇ နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ သယ်ဆောင်လာသည်ဟုဆိုသည့် ကုန်တင်ရထားကို သပိတ်ချောင်းတံတား မီးရထားမိုင်တိုင် ၁၂၀/၃-၄ တွင် မိုင်းဆွဲတိုက်ခိုင်ခဲ့ရာ ရထားတွဲတိမ်းမှောက်ခဲ့ပြီး ရထားသံလမ်းများထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ ကုန်တင်ရထားလို့ယူဆရတယ်။ နောက်ဆုံး ကွန်တိန်နာတံခါးတွေပွင့်တဲ့အချိန်မှာ လက်နက်ခဲယမ်းတွေလဲ တွေ့ရတယ်ပြောတယ်။ လက်နက်ခဲယမ်းတွေကတော့ မရခဲ့ဘူးပေါ့နော်။ ဖောက်ခွဲပြီးတာနဲ့ ပြန်ဆုတ်ခဲ့တော့ လက်နက်ခဲယမ်းတွေ မရခဲ့ဘူးလို့ သိရတယ်။” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်မှာ အဆိုပါမီးရထားလမ်းပိုင်းများကို အသုံးပြု၍ စစ်အင်အားပို့ဆောင်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း လည်းတော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ပဲခူးတိုင်းတွင် ဖြူးမြို့နယ်နှင့်ကျောက်တံခါးမြို့နယ်များ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ကျောက်တံခါးမြို့နယ်အတွင်းရှိ ကြေးနန်းမိုင်တိုင် ၁၀၉/၁၀ နှင့် ၁၀၉/၁၁ ကြား ရထားလမ်းပေါ်ရှိတံတားတစ်စင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင် များက ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။

အဆိုပါ ရထားမိုင်းခွဲခံရသည့် နေရာသို့ မကြာသေးမီကမှ ကာကွယ်ရေးဝန်ကြီးဌာနမှ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနသို့ ရာထူးလျော့ကျထားသည့် စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး သွားရောက် စစ်ဆေး ခဲ့သည်။

ဓာတ်ပုံ – လူမှုကွန်ယက်။

#ဖြူး #ကျောက်တံတား #ရထားလမ်း #မိုင်းဆွဲခံရ #စစ်ကောင်စီတပ် #Ayeyarwaddy_Times