ဧရာ၀တီတိုင်းမ်
ဩဂုတ် ၁၉ ရက်

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ ကချင်လွတ်လပ်ရေးအဖွဲ့ /ကချင်လွတ်မြောက်ရေး တပ်မတော် KIO/KIA ဌာနချုပ်အနီးရှိ နမ့်ဆန်ယန်ဒေသကို ထိုးစစ်ဆင်ရန်ငြင်းဆန်ကာ အာဏာဖီဆန်ခဲ့သည့် စစ်ကောင်စီတပ် ၊ တပ်မ(၁၁) လက်အောက်ခံတပ်မှ တပ်ရင်းမှူး သုံးဦးကို ပြီးခဲ့သည့်ဩဂုတ်လ ပထမပတ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။

ထိုးစစ်ဆင်ရန် အာဏာဖီဆန် အမိန့်ငြင်းဆန်ခဲ့ကြသူများမှာ ခြေလျင်တပ်ရင်း ခလရ-၁၂၊ ခလရ-၁၃ နှင့် ခြေမြန်တပ်ရင်း ခမရ ၄၁၁ တို့မှ တပ်ရင်းမှူးအဆင့်ရှိ ဒုဗိုလ်မှူးကြီး သုံးဦး ဖြစ်သည်ဟု ဆိုသည်။

“သူတို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဖမ်းဆီးပြီး စစ်ဆေးနေတယ်။ ရှေ့တန်းကနေ ပြန်လှည့်လာတာ” ဟု စစ်ရုံးချုပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လှည့်ပြန်လာသည့် တပ်ရင်းနေရာကို အစားထိုး၍ ခလရ-၃၇ နှင့် ခမရ-၃၇၈ တပ်ရင်းများကို စေလွှတ်ရာတွင်လည်း အဆိုပါတပ်ရင်းမှူးများသည်လည်း ရှေ့တန်းသို့ သွားရောက်ရန် ငြင်းဆန်သဖြင့် စစ်ကောင်စီတပ်က ဩဂုတ် ၁၅ ရက်နေ့တွင် ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့ကို ဗန်းမော်ရှိ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၂၁)တွင် ဖမ်းဆီးထားပြီး စစ်ကြောရေးပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ KIO/KIA ဌာနချုပ် လိုင်ဇာမြို့အနီးတွင် ဇူလိုင် ၁ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေပြီး ဇူလိုင် ၃ ရက်နေ့၌စတင်၍ စစ်အင်အားများ ဖြည့်တင်း၍ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး လတ်တလောတွင်မူ ပြန်လည် ငြိမ်သက်လျက်ရှိကြောင်း ကချင်စစ်ရေး သတင်း ရင်းမြစ်ထံက သိရသည်။

ယင်းနယ်မြေသို့ စစ်ဆင်‌ရေး၀င်ရောက်နေရသည့် စစ်ကောင်စီတပ်ရင်းများသည် ခလရ ၁၃၊ ၇၊ ၁၀၃၊ ၂၃၆၊ ၈၃၊ ၇၇၊ ၅၆ တို့မှ ထိုးစစ်ဆင်၀င်ရောက်နေရပြီး စစ်ကောင်စီတပ်မှ ခလရ ၇၈၊ ၃၁၈၊ခမရ ၃၈၅၊ ခမရ ၃၈၇ တပ်ရင်းများကို ထပ်မံ၍ အင်အားတိုးပို့ဆောင် ၍ ထိုးစစ်ဆင်နေရကြောင်း သိရသည်။

အဆိုပါတပ်ရင်းများသည် တပ်မ (၁၁) လက် အောက်ခံ တပ်ရင်းများဖြစ်ပြီး ဖမ်းဆီးစစ်ဆေးခံနေရသည့် တပ်ရင်းမှူးတို့မှာ တပ်မ (၈၈) နှင့် တပ်မ (၁၁) လက် အောက်မှ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ပုံဟောင်းဖြစ်သည်။

#ကချင် #လိုင်ဇာ #နမ့်ဆန်ယန်စစ်ဆင်ရေး #အာဏာဖီဆန် #စစ်ကောင်စီတပ်ရင်းမှူး၃ဦး #ဖမ်းဆီး #Ayeyarwaddy_Times