ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၁၈ ရက်

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေး ခြင်းကို နေပြည်တော်ရှိ Non CDM ဝန်ထမ်းများဖြင့် စမ်းသပ်လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ယခု ဩဂုတ်လ ဒုတိယပတ်မှ စတင်၍ စစ်ကောင်စီအဖွဲ့ဝင်များ ၊ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနများရှိ အလှည့်ကျ ဝန်ကြီးဌာနအလိုက် Non CDM ဝန်ထမ်းများကို အီလက်ထရောနစ်မဲစနစ်ဖြင့် မဲပေးနည်းကို စမ်းသပ်လုပ်ဆောင်လျက်ရှိသည်။

အီလက်ထရောနစ်မဲပေးစနစ် Myanmar Electronic Voting Machine (MEVM) တွင် ထိန်းချုပ်စက်၊ ဆန္ဒပြုစက် ၊ ဆန္ဒပြုချက် မှန်ကန်မှု ရှိ/မရှိ ပြသသောစက်၊ မဲပုံးနှင့် ဘက်ထရီများဖြင့်စမ်းသပ်တည်ဆောက်ထားကြောင်း စစ်ကောင်စီခက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆိုထားသည်။

“မဲပေးစက်ကို အသုံးပြုဖို့က မဲဆန္ဒရှင်ပြည်သူတွေအတွက် ပိုမိုလွယ်ကူတယ်။ စက်နဲ့ မဲပေးတာက မဲလက်မှတ်တွေရိုက်နှိပ်ဖြန့်ဝေတုန်းကဖြစ်ပေါ်ခဲ့တဲ့ မဲမသမာမှုတွေ မဖြစ် တဲ့အပြင် ပယ်မဲတွေလည်းမရှိနိုင်တော့လို့ အကျိုးကျေးဇူး‌တွေရှိပါတယ်” ဟု ဩဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်သည့် အီလက်ထရောနစ်မဲစနစ်ဖြင့် မဲပေးနည်း စမ်းသပ်ခြင်း သရုပ်ပြမှုတွင် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလှိုင် က ပြောကြားခဲ့သည်။

MEVM တွင် အင်တာနက်၊ ဝိုင်ဖိုင်၊ Bluetooth စနစ်များပါဝင်မှုမရှိခြင်း၊ ကွန်ပျူတာများကဲ့သို့ ဝင်းဒိုးစနစ်များ ပါဝင်မှုမရှိခြင်း၊ USB Output စနစ်များ ပါဝင်မှု မရှိခြင်းတို့ကြောင့် လုံခြုံစိတ်ချရသောစနစ်ဖြစ်ကြောင်း ‌၎င်းက ဆက်လက် ပြောကြားသည်။

ထို့ပြင် အီလက်ထရောနစ်မဲပေးစနစ် တည်ဆောက်ပြီးစီးမှုနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တင်ပြထားပြီး ဖြစ်ကြောင်း စစ်ခေါင်းဆောင်၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုထားသည်။

စစ်အုပ်စုသည် ရွေးကောက်ပွဲ မဲစာရင်းမှားသည်ဟု အကြောင်းပြကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အဓမ္မ အာဏာသိမ်းယူခဲ့ပြီး ရွေးကောက်ပွဲ ပြန်လည် ကျင်းပ‌ပေးမည်ဟုပြောဆိုကာ တစ်ဖက်သပ်ရွေး ကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေပြီး စစ်အုပ်ချုပ်ရေးသက်တမ်းကို လေးကြိမ်တိုင်တိုင် တိုးယူထားသည်။

၁၉၈၅ ခုနှစ်ကတည်းက ဝန်ကြီးချုပ် ဖြစ်လာတဲ့ ဟွန်ဆန်ဟာ ကမ္ဘောဒီးယားနိုင်ငံကို အနှစ် ၄၀ နီးပါး အုပ်ချုပ်ခဲ့ပြီး ကမ္ဘာပေါ်မှာ သက်တမ်းအကြာဆုံး အာဏာရခေါင်းဆောင်တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်၏ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)က ဦးဆောင်ကျင်းပသည့် ခုနစ်ကြိမ်းမြောက် ရွေးကောက်ပွဲကို ပြီးခဲ့သည့် ဇူလိုင်အတွင်းက သွားရောက် လေ့လာခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပခဲ့သည့် ခုနစ် ကြိမ်မြောက် ရွေးကောက်ပွဲတွင် ၁၉၈၅ ခုနှစ်ကတည်းက ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူထားသည် သက်တမ်းရှည် အာဏာရှင် ဟွန်ဆန်၏ CPP ပါတီကသာ ရွေးကောက်ပွဲကို မဲ ၈၂ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။

ဓာတ်ပုံ – စစ်ကောင်စီ

#အီလက်ထရောနစ်မဲပေးစနစ် #MEVM #စစ်ကောင်စီ #ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် #ရွေးကောက်ပွဲ #Ayeyarwaddy_Times