ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းသို့ သြဂုတ်လ ၁၅ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အမည်ခံများသည် ယနေ့ သြဂုတ် ၁၈ ရက်နေ့တွင် သာစည်ကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြပြီး ရွာတွင်းရှိ ပစ္စည်းများကိုလည်း ခိုးယူသွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များသည် သြဂုတ်လ ၁၅ ရက်နေ့ နံနက်အစောပိုင်းမှစတင်ကာ ကလေးမြို့တောင်ပိုင်း သာစည်ကျေးရွာသို့ စစ်ကြောင်းထိုး၍ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ထွက်ပြေးတိမ်းရှောင်သွားသော သာစည်ရွာသူရွာသားစစ်ရှောင်ပြည်သူများ၏ ကျန်ရစ်ခဲ့သော ဆန်အိတ်များ၊ ခရီးဆောင်အိတ်များ၊ ရွှေငွေ အဖိုးတန်ပစ္စည်းများကို နေ့လည် ၂ နာရီခန့်အချိန်တွင် တောင်အူကျေးရွာ စာသင်ကျောင်းအတွင်းသို့ သယ်ယူသွားကာ ဝေစုခွဲခဲ့ကြကြောင်း တောထဲတိမ်းရှောင်နေရသည့် သာစည်ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဒီနေ့ သြဂုတ် ၁၈ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာ ပြင်သာပျူတွေက တောင်အူပျူတွေကို ပြည်သူတွေဆီကနေ သူတို့ ခိုးယူလာတဲ့စားနပ်ရိက္ခာပစ္စည်းတွေကို လာသယ်ခိုင်းတယ်” ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ဆိုသည်။

စစ်ကောင်စီတပ်နှင့် ၎င်းတို့ လက်ဝေခံပြည်သူ့စစ်အဖွဲ့များသည် ဩဂုတ်လ ၁၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် တောင်အူကျေးရွာ စာသင်ကျောင်းထဲသို့ ဖောကားတစ်စီး ဆန်အိတ်အပြည့်ဖြင့် သယ်ဆောင်ဝင်ရောက်လာကြပြီး သာစည်ကျေးရွာမှ သိမ်းယူလာခဲ့သော ပစ္စည်းများကိုလည်း ဝေစုခွဲခဲ့ကြကြောင်း ဆက်စပ်သိရသည်။

“တောင်အူပျူခေါင်းဆောင် လှဝင်းဌေးနဲ့အဖွဲ့က ဖောကားတွေပေါ်တက်ပြီး အဲ့စားနပ်ရိက္ခာတွေ၊ ပစ္စည်းတွေကို ယူနေကြတာတွေ့ခဲ့တယ်ဗျ။ သာစည်စစ်ရှောင်တွေ ကျန်ခဲ့တဲ့ ပစ္စည်းတွေဖြစ်မယ်ထင်တယ်။ လူသုံးကုန် ပစ္စည်းတွေရောအများကြီးပဲ” ဟု စစ်ရှောင်ကူညီနေသူ မြို့လှရွာသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်များသည် ယခုအချိန်ထိ သာစည်ကျေးရွာအတွင်း နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးလျက်ရှိကာ သြဂုတ် ၁၈ရက်နေ့တွင် သာစည်ကျေးရွာရှိ ဒေသအခေါ် ပေါက်ဘုန်းကြီးကျောင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သာစည်ကျေးရွာ စစ်ရှောင်လာသူများထံမှ သိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပါ။

လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ကလေးမြို့တောင်ပိုင်း ဒေသခံကာကွယ်ရေးတပ်များ စစ်ရေးတင်းမာလျက်ရှိကာ သြဂုတ် ၁၅ ရက်နေ့ ထိတွေ့မှုတွင် စစ်ကောင်စီတပ်က ဓာတုလက်နက်များ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

#စစ်ကောင်စီ #သာစည်ကျေးရွာကို #ထပ်မံမီးရှို့ဖျက်ဆီး #ကျေးရွာရှိပစ္စည်းများ #ခိုးယူသွားဟုဆို
#Ayeyarwaddy_Times