ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၈ ရက်

ဧရာဝတီတိုင်း ဟင်္သာတခရိုင်အတွင်းရှိ အ​နောက်ရိုးမတောင်ခြေအနီးတဝိုက်ကျေးရွာများတွင် တော်လှန်ရေးအင်အားစုများရှိသည်ဟုအကြောင်းပြကာ သြဂုတ်ပထမပတ်အတွင်း အကြိမ် (၂၀)ထက်မနည်းစစ်ကြောင်းထိုးလုပ်ဆောင်နေကြောင်းဒေသခံများထံကသိရသည်။

ဟသ်ာတခရိုင် မြန်အောင် မြို့နယ်အနီး အနောက်ရိုးမ အနီးတဝိုက်ရှိ စမ်းရွာကြီး၊ မျှင်ဝါးတောင်၊ လက်ပံကြီးစသည့်ကျေးရွာများအတွင်းသို့သြဂုတ်လပထမအပတ်၌စစ်ကောင်စီတပ် ခလရ( ၁၈ )နှင့်ပျူစောထီး(ပြည်သူ့စစ်) အဖွဲ့အင်အား ၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်မှုအကြိမ် ၂၀ထက်မနည်းရှိနေကြောင်း ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို​ပြောသည်။

” စစ်ကြောင်းထိုးတဲ့ပုံစံနဲ့ရွာတွေဘက်ဝင်တာတစ်ပတ်ရှိပြီ။ဘာမှတော့မတွေ့ဘူး။ PDF တွေရှိတယ်ဆိုပြီး တောင်ပေါ်တက်သွားတာပြန်ဆင်းမလာတော့ဘူး။ တခါတလေ ဟန်ပြလုပ်တဲ့ပုံစံဖြစ်နေတယ်” ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့စစ်ကြောင်းထိုးဝင်ရောက်ရာ၌ကျေးရွာများအနီးတဝိုက်၌ တော်လှန်ရေးအဖွဲ့များရှိမရှိသတင်းစုံစမ်းရန်အတွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နှင့်ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့များကိုပါ စစ်ကောင်စီတပ်မှသတိပေးလုပ်ဆောင်ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူများထံကသိရသည်။

” စစ်ကြောင်းထိုးတယ်ဆိုတာကတမင်လုပ်ပြနေတာ။ တကယ်ကရွာထဲကအုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့စစ်တွေကို PDF သတင်းစုံစမ်းဖို့တမင်ခိုင်းခံရတာပဲရှိတယ်။ မလုပ်ရင်လည်း PDF ထောက်ခံတာလားဆိုပြီးအိမ်ကိုပြဿနာရှာမှာစိုးလို့မလွှဲသာပဲလုပ်ပေးနေရတာ” ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကဆိုသည်။

ဟသ်ာတခရိုင်အတွင်းရှိ ကြံခင်း၊ မြန်အောင် ၊အင်္ဂပူ နှင့်လေးမျက်နှာမြို့နယ် အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်မှ အင်အား ၃၀ ဝန်းကျင်ဖြင့် ဩဂုတ်လ ၆ရက်နေ့ကစပြီး ကင်းလှည့်မှုများ ပြုလုပ်နေကြောင်းဒေသခံများထံကသိရသည်။

#ဟသ်ာတခရိုင် #ရိုးမ​တောင်ခြေ #PDFများရှိသည်ဟုဆိုကာ #တစ်ပတ်အတွင်း #အကြိမ်၂၀ထက်မနည်း #စစ်ကြောင်းထိုးနေ #Ayeyarwaddy_Times