
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၈ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် သြဂုတ်လပထမအပတ်ကစပြီး ငဝန်မြစ်ကူးတံတား( ငါးသိုင်းချောင်း) ပေါ်သို့ညပိုင်းအချိန်ဖြတ်သန်းသွားလာနေသည့် ယာဥ်များအား စစ်ကောင်စီတပ်နှင့်ရဲအဖွဲ့မှစစ်ဆေးကာငွေညစ်တောင်းယူပြီးမှသာပြန်လွှတ်ပေးမှုများရှိနေကြောင်းဒေသခံများထံကသိရသည်။
ညပိုင်းအချိန်၌ စစ်ကောင်စီတပ်မှဖြတ်သန်းခွင့်ပြုရာ၌ လုံခြုံရေးအကြောင်းပြ၍ ကုန်တင်ယာဥ်တစ်စီးလျှင် ငွေ ၁ သိန်းကျပ်မှ ၅ သိန်းကျပ် ဝန်းကျင်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားများမှ ခြိမ်းခြောက်တောင်းခံမှုများရှိနေကြောင်း ယာဥ်မောင်းသူများမှ ပြောသည်။
” ငါးသိုင်းချောင်းဘက်မှာတော့စစ်တယ်။ဂွဘက်ကိုသွားတဲ့တံတားအဆင်းလည်းရောက်ကောဘယ်သွားမှာလဲပေါ့။ဂွကိုကုန်သွားပို့မလို့ဆိုတော့ ၅သိန်းတောင်းတယ်။မပေးရင်မသွားရဘူးလုပ်နေလို
လက်ထဲရှိတဆီဖိုး၂သိန်း တောင်းတောင်းပန်ပန်နဲ့ ပေးမှပဲပြန်လွတ်ပေးလိုက်တာ။အရိုက်အနှက်မခံရတာပဲတော်သေးတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဂွ-ငါးသိုင်းချောင်း ကုန်တင်ယာဥ်မောင်းဖြစ်သူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းသို့ သွားလာနေသည့် ခရီးသည်ယာဥ်လိုင်းကားများအား
တစ်စီးလျှင် ငွေ ၅၀၀၀ ကျပ်မှ ၃ သောင်း ကျပ် အထိ စစ်ကောင်စီတပ်သားများတောင်းယူနေပြီး မသင်္ကာသည့် ယာဥ်လိုင်းများအား ငွေ ၅ သောင်းကျပ်နှင့် ၁ သိန်း ကျပ်ကြားပေးမှသာ ပြန်လွှတ်ပေးလေ့
ရှိကြောင်း ဒေသခံခရီးသည်ယာဥ်လိုင်းများထံကသိရသည်။
” တံတားဂိတ်ကိုဖြတ်တာနဲ့ ရခိုင်ကိုပဲသွားတာဖြစ်ဖြစ် ဧရာဝတီကိုပြန်တာဖြစ်ဖြစ် ခရီးသည်ကားတွေဖြစ်တာနဲ့ မှတ်ပုံတင်စစ်တယ်။ ကားသမားတွေက ၅ ထောင်၊ ၁ သောင်း ပေးမှပြန်လွှတ်ပေးတာ။ တခါတလေ မသင်္ကါဘူးဆိုပြီးညစ်ထားရင် တစ်သိန်းအထိပေးမှပဲ လွှတ်ပေးတယ်”ငါးသိုင်းချောင်းမြို့ခံခရီးသည်ယာဥ်လိုင်းပိုင်ရှင်တစ်ဦးကဆိုသည်။
ငဝန်တံတား(ငါးသိုင်းချောင်း)ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစ၍ ညစဥ် ၉ နာရီဝန်းကျင်၌ ဖြတ်သန်းခွင့်ပိတ်ပင်ခဲ့ရာမှ အချိန် ၈ လအကြာ ပြီးခဲ့သည့် သြဂုတ်လပထမအပတ်ကစပြီး စစ်ကောင်စီတပ်မှညပိုင်းအချိန်၌ တံတားဖြတ်သန်းရန်ခွင့်ပြု ပေးခဲ့ခြင်းဖြစ်ကြောင်း ငါးသိုင်းချောင်းမြို့ခံများထံကသိရသည်။
ဓာတ်ပုံ- CJ
#ငါးသိုင်းချောင်းမြို့ #စစ်ကောင်စီတပ် #တံတား #ငွေတောင်း #Ayeyarwaddy_Times