ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊သြဂုတ်လ ၁၈ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်၊ အရှေ့တောဒေသသို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်သေဆုံးခဲ့ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်းထံက သိရသည်။

စစ်ကောင်စီတပ်အင်အား ၈၀ နီးပါးရှိသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အရှေ့တောဒေသ သင်္ကန်းတုန်းကျေးရွာကို ဝင်ရောက်လာသည့်အတွက် သြဂုတ်လ ၁၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဗိုလ်ယက္ခဦးဆောင်သော ထားဝယ်စုပေါင်းစစ်ကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ၁ နာရီခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“သူတို့ (စစ်ကောင်စီတပ်) ကို ကျွန်တော်တို့ ရဲဘော်တွေက အခွင့်ကောင်းယူပြီး ပစ်ခတ်ခဲ့တာပါ။ ၄၀-မမ ဗုံးသီး ၁၇ လုံး အပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု နဲ့ ဒဏ်ရာရတဲ့ သူတွေရှိတယ်”ဟု ထားဝယ်စုပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူ ဗိုလ်ယက္ခ က ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးခဲ့ပြီး နှစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိကာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း ထားဝယ် စစ်ကြောင်းထံကသိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများသည် ကျောက်မဲတောင် ရဲစခန်းဘက်မှနေ၍ ပြန်လည်ဆင်ကာ လမ်းတွင်တွေ့ရှိသည့် ဒေသခံအချို့ကို လူသားဒိုင်း အဖြစ်ဖမ်းဆီးသွားပြီး ပကာရီရဲစခန်း အရောက်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ထားဝယ်စုပေါင်း စစ်ကြောင်းထံက သိရသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံပြည်သူလူထု ၃၆,၀၀၀ ကျော်သည် နေအိမ်များ ကိုစွန့်ခွာ၍ ထွက်ပြေးနေရကြောင်းသိရသည်။

ဓာတ်ပုံ၊ ထားဝယ်စုပေါင်းစစ်ကြောင်း

#ထားဝယ်အရှေ့တောဒေသ #စစ်ကြောင်းထိုးလာသည့် #စစ်ကောင်စီတပ် #တိုက်ပွဲ ဖြစ်ပွား #စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးသေဆုံး #Ayeyarwaddy_Times