ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၁၈ ရက်

အမေရိကန်၊ စင်္ကာပူနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် နိုင်ငံတကာဘဏ်များ၏ စီးပွားရေးပိတ်ဆို့မှုနှင့် အဆက်အသွယ် ဖြတ်တောက်မှုနောက်ပိုင်း မြန်မာငွေတန်ဖိုးဆက်တိုက်ကျဆင်းနေပြီး ယနေ့ပေါက်စျေးအရ ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၁၀၇ ကျပ်ဝန်းကျင်အထိ စံချိန်တင် စျေးကျဆင်းနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်အထိ ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၈၅ ကျပ်နှုန်း ပေါက်စျေးရှိခဲ့သော်လည်း လက်ရှိ ဩဂုတ်လ ၁၈ ရက်နေ့ပေါက်စျေးအရ ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၁၀၇ ကျပ်နှုန်းအထိ ကျဆင်းခဲ့ခြင်း ဖြစ်သည်။

“အခုက ထိုင်းငွေ ၁ ဘတ်ကို မြန်မာငွေ ၁၀၇ ကျပ်အထိ စျေးကျသွားတယ်။ မြန်မာငွေစျေးက ဇူလိုင်လကတည်းက တောက်လျှောက်ကို ကျနေတာ။ ထိုင်းဘတ်ငွေနဲ့ အမေရိကန်ဒေါ်လာငွေလဲနှုန်းက သိပ်ပြီးအပြောင်းအလဲ မရှိဘူး။ ထိုင်းငွေစျေး မမာဘူး။ ဒါပေမယ့် မြန်မာနိုင်ငံက နိုင်ငံရေးဖြစ်စဉ်တွေကြောင့် မြန်မာငွေတန်ဖိုးကိုက ထိုးကျနေတော့ ငွေလဲနှုန်းတွေ ဖောင်းပွလာနေတာ။ နယ်စပ်ကုန်သွယ်ရေးကတော့ တော်တော်လေး အခြေအနေဆိုးနေတယ်။ ငွေလဲ လုပ်ငန်းတွေလည်း လျော့သွားတယ်။ မဖြစ်မနေ လိုတဲ့လူလောက်ပဲ လဲကြတော့တယ်”ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နေထိုင်သည့် ထိုင်း-မြန်မာငွေလဲလုပ်ငန်းရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့ကာကွယ်ရေးဝန်ကြီးဌာန(MoD)၊ နိုင်ငံတော်ပိုင် ဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်ပြည်ထောင်စုက ဇွန်လ ၁၁ ရက်နေ့တွင် စီးပွားရေးပိတ်ဆိုကာ ဒဏ်ခတ်အရေးယူခဲ့သည်။

ယင်းပိတ်ဆို့မှုနောက်ပိုင်း မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းခဲ့ရာမှ ဇူလိုင်လဒုတိယပတ်အတွင်း ကျပ် ၂ သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမည့်သတင်းကို စစ်ကောင်စီက ကြေညာခဲ့ရာ မြန်မာငွေကြေးတန်ဖိုးများ ထပ်မံထိုးကျသွားခဲ့သည်။

ယခုဩဂုတ်လအတွင်း၌ စင်္ကာပူနိုင်ငံအခြေစိုက် UOB ဘဏ်က စစ်ဗိုလ်ချုပ်ကြီးများ၊ ခရိုနီများ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ အပါအဝင် မြန်မာ‌ငွေစာရင်းများမှ နိုင်ငံခြားငွေလွှဲ လုပ်ငန်း ရပ်ဆိုင်းမည်ဟု ကြေညာပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှု ပိုမိုဆိုးရွားလာခဲ့သည်။

ဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ဆိုနာလီဘဏ်ကလည်း အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရသည့် မြန်မာနိုင်ငံမှ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့၏ ဘဏ်အကောင့် ၂ ခုကို ပိတ်သိမ်းခဲ့ပြီး အပ်နှံငွေ ကန်ဒေါ်လာ ၁ သန်းကိုလည်း ထုတ်ပေးမည် မဟုတ်ကြောင်း ဩဂုတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

စစ်တပ်အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလက ငွေလဲနှုန်းမှာ ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၄၅ ကျပ်သာ ပေါက်စျေးရှိခဲ့သည်။ ပြီးခဲ့သည့်ဇူလိုင်လက ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၈၅ ကျပ်နှုန်း ရှိခဲ့ပြီး လက်ရှိတွင် ၁၀၇ ဘတ်အထိ စျေးကျခဲ့သဖြင့် တစ်လတာအတွင်း မြန်မာကျပ်ငွေတန်ဖိုးမှာ ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ်အတွင်းက ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၁၀၀ ကျပ်အထိစျေးမြင့်တက်ခဲ့ဖူးပြီး လက်ရှိပေါက်စျေး ၁၀၇ ကျပ်မှာ ထိုင်း-မြန်မာ ငွေလဲစျေးကွက်သက်တမ်းတလျှောက် စံချိန်တင် စျေးကျဆင်းမှုဖြစ်ကြောင်း ကုန်သည်များထံက သိရသည်။

“အမေရိကန် ဆန်ရှင်ကနေစပြီး မြန်မာငွေစျေးတွေ စကျတယ်။ နောက်တော့ ကျပ် ၂ သောင်းတန်ကိစ္စ၊ နောက်တော့ စင်္ကာပူ UOB ဘဏ်ကိစ္စနဲ့ အခု ဘင်္ဂလားဒေ့ရှ်ဘဏ်ကိစ္စ ဆက်တိုက်ဖြစ်လာလို့ မြန်မာငွေစျေးတွေ ထိုးကျကုန်တယ်လို့ ပြောလို့ရတယ်။ အဲတော့ ထိုင်းဘက်ကသွင်းတဲ့ကုန်ပစ္စည်းစျေးနှုန်းတွေ၊ ပြည်ပကသွင်းတဲ့ ကုန်ပစ္စည်းစျေးတွေ ထပ်မြင့်တက်မယ့်သဘောရှိတယ်”ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နေ မြန်မာစီးပွားရေးကုန်သည် တစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ်က မြန်မာကျပ်ငွေ ၁ သိန်းလဲလှယ်လျှင် ထိုင်းဘတ်ငွေ ၂၂၀၀ ဝန်းကျင် ရရှိခဲ့ပြီး လက်ရှိတွင် မြန်မာကျပ်ငွေ ၁ သိန်းလဲလှယ်လျှင် ထိုင်းဘတ်ငွေ ၉၃၀ ဘတ်သာ ရရှိမည်ဖြစ်သည်။

မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုနှင့်အတူ အမေရိကန်ဒေါ်လာငွေလဲနှုန်းများ ဆက်တိုက်မြင့်တက်နေပြီး ဩဂုတ်လ ၁၇ ရက်နေ့တွင် ၁ ဒေါ်လာလျှင်ကျပ်ငွေ ၃၈၀၀ ကျော်အထိ ပေါက်စျေးဖြစ်နေကာ ရွှေစျေးနှုန်းမှာလည်း ၁ ကျပ်သားလျှင် ၃၈ သိန်းကျော်အထိ ရောက်ရှိနေကြောင်း သိရသည်။

#ထိုင်းဘတ် #မြန်မာကျပ် #ငွေလဲနှုန်း #နယ်စပ်ကုန်သွယ်ရေး #Ayeyarwaddy_Times