
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ ရက်
နိုင်ငံတကာပိတ်ဆို့ အရေးယူမှုများကြောင့် အမေရိကန်ဒေါ်လာသုံးစွဲခွင့် ထိန်းချုပ်ခြင်း ခံနေရသော စစ်ကောင်စီသည် ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်း လင်းမှုများ ဆောင်ရွက်နိုင်သည့် ငွေကြေးအဖြစ်သတ်မှတ်၍ကုမ္ပဏီ စာရင်းဖွင့်ခွင့် ပြုထားပြီး ထိုင်းဘတ်ငွေစျေးမြင့်တက်နေကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်သည် နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်း လင်းမှု ပိုမိုလွယ်ကူစေရန်အတွက် ပြည်တွင်းဘဏ်များတွင် ထိုင်းဘတ်ငွေစာရင်းကို ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း ဩဂုတ် ၁၄ ရက် နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုင်းဘတ်ငွေကို ကုန်သွယ်ရေးလုပ်ငန်းများ အတွက်သာ ငွေစာရင်းဖွင့်ခွင့်ရှိပြီး တစ်ဦးချင်း အသုံးပြုနိုင်သည့် နိုင်ငံခြားငွေ(ဘတ်) စာရင်းအကောင့်ဖွင့်ခွင့် မရှိသေး ကြောင်း ပြည်တွင်းဘဏ်များထံမှ စုံစမ်းသိရသည်။
လက်ရှိတွင်ဘတ်ဈေးနှုန်း မြင့်တက်နေပြီး မြန်မာငွေကြေးတန်ဖိုးကျဆင်းနေကာ ထိုင်းတစ်ဘတ်လျှင် ကျပ် ၁၀၇ ကျပ်ပေါက်ဈေးရှိကြောင်း စုံစမ်းသိရသည်။
ထို့ပြင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၃၇၀၀ ကျပ်ကျော် နှင့် ထိုင်းဘတ်ငွေ ၃၅ ဘတ်ရှိနေပြီး ထိုင်းဘတ်ငွေ တစ်ဘတ်လျှင် မြန်မာငွေ ၁၀၇ ကျပ်နှုန်းထားဖြစ်၍ ဒေါ်လာနှင့်နှိုင်းယှဉ်ပြီး တခြားငွေလဲနှုန်းထားများဖြစ်ပေါ်ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လတွင် မြန်မာ – ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ချော့မွေ့စေရန် အပါအဝင် ပြည်တွင်း ငွေကြေးသုံးစွဲမှုကို တိုးတက်စေရန် နယ်စပ်ဒေသများတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရန်ခွင့်ပြုထားပြီး သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန်တင်ပို့ သူများ၏ ဘဏ်စာရင်းဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်သည်။
ထိုင်းနိုင်ငံသည် လက်ရှိနိုင်ငံတကာနှင့်ကုန်သွယ်မှုများတွင် အသုံးများနေသည့် အမေရိ ကန် ဒေါ်လာအစား တရုတ်ယွမ်ငွေနှင့် အခြားအာရှငွေကြေးများ ကိုတိုးမြှင့်သုံးစွဲသွား မည်ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်ပြောကြားချက်ကို ဘန်ကောက်ပို့စ်တွင် ဖော်ပြ ထားသည်။
ထို့ပြင်အင်အားကြီးနိုင်ငံများက ကမ္ဘာငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ အပေါ်မှီခိုနေသဖြင့် အိန္ဒိယ ရူပီး၊ တရုတ်ယွမ်ငွေများကို အမေရိကန်ဒေါ်လာအစား အစားထိုးသုံးစွဲရန်ပြင်ဆင်မှုများရှိနေကြောင်းသိရသည်။
စစ်ကောင်စီသည် ဒေါ်လာအသုံးပြုမှုလျော့နည်းစေရန် ဒေသအတွင်း ငွေကြေးစနစ်ကို နိုင်ငံများ၏ ငွေကြေးဈေးနှုန်းမှ ဒေါ်လာနှင့်ချိတ်ဆက်၍ ငွေလဲခြင်းများ လုပ်ဆောင်လာ ခြင်းဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#နိုင်ငံတကာငွေကြေးဈေးကွက်ဘတ်ငွေအစားထိုး #စစ်ကောင်စီ #ဗဟိုဘဏ် #Ayeyarwaddy_Times