
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၈ ရက်
နွေဦးတော်လှန်ရေး အောင်မြင်စေရေးအတွက် ပါဝင်နေသည့် အစုအဖွဲ့များအားလုံး ပိုမိုစည်းလုံးညီညွတ်မှုရှိရန်နှင့် လူထုဆန့်ကျင်ရေး မလုပ်ရန်၊ လူထုထောက်ခံမှု ရရှိအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က တိုက်တွန်းပြောဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU သည် စစ်အာဏာသိမ်းမှုကို ပြည်သူလူထုနှင့်အတူ ဆန့်ကျင်တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့်လည်း ပုံမှန်ဆက်သွယ်မှုများအပြင် နိုင်ငံရေး၊ စစ်ရေးအရ ပြောဆိုဆွေးနွေးမှုများလည်း ပုံမှန်ရှိနေကြောင်း KNU ထံမှ သိရသည်။
“အဲလိုမှ လူထုတွေ မပါဝင်လာဘူးဆိုရင် ပိုပြီးခက်ခဲသွားနိုင်တာဆိုတာ ကျွန်တော်တို့အားလုံး နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး တော်လှန်ဆန့်ကျင်နေတဲ့ လှုပ်ရှားမှုတွေပေါ့နော်။ အရှိန်အားကောင်းနေတဲ့ အချိန်မှာလည်းပဲ ကျွန်တော်တို့ အဲဒါကို ထိန်းသိမ်းထားဖို့လည်း လိုအပ်ပါတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းတို့၏ နိုင်ငံရေးထွက်ပေါက်ဖြစ်သည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို မရမကကြိုးပမ်းနေသလို ထိုသို့ပြုလုပ်နိုင်အောင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရန်အတွက်လည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ် (NCA)ကို အကြောင်းပြ၍ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် လုပ်ဆောင်နေကြောင်း EROs နှင့် လေ့လာသူများက သုံးသပ်ပြောဆိုထားသည်။
“စစ်တပ်က ယခင်ကလို ဆက်ဆံရေးမျိုး လိုချင်နေတယ် ဆိုတာကတော့ ကျွန်တော်တို့ KNU အနေနဲ့ အမြဲတမ်းပြောဆိုခဲ့တဲ့ စကားရှိပါတယ်။ သဘောထားကိုလည်း ကျွန်တော်တို့ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အာဏာမသိမ်းသင့်ပဲနဲ့ အာဏာသိမ်းလိုက်တဲ့အပေါ် မှာ၊ ဒီကိစ္စတွေကတော့ ဝေးကွာလွန်းသွားပြီလို့ ကျွန်တော်တို့ ပြောချင်ပါတယ်။ သူတို့(စစ်ကောင်စီ)အနေနဲ့လည်း ပြန်လည်ဆက်ဆံရေး ကောင်းမွန်ဖို့အတွက် မျှော်မှန်းလို့လဲ မရတော့ပါဘူးလို့ ပြောချင်ပါတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ဆိုသည်။
လက်ရှိအခြေအနေတွင် ကရင့်အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေပါသည်ဟု ကြွေးကြော်နေကြသည့် ကရင့်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် ကရင့်လက်နက်ကိုင် အစုအဖွဲ့အားလုံးအနေဖြင့် မိမိတို့၏အစုအဖွဲ့ ရပ်တည်နိုင်ရေး တစ်ခုတည်းနှင့် မိမိတို့၏ ကိုယ်ကျိုးကိုသာ ရှာကြံနေသူများ မဖြစ်စေရန်၊ မိမိတို့၏ အမှန်တကယ် လုပ်ရပ်များနှင့် အကျိုးသက်ရောက်မှုများကို ပြန်လည်ဆန်းစစ်စေရန် လိုအပ်ကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၆)နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့တွင် ပြောကြားခဲ့သည်။
ကရင်လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်-BGF ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) တို့အပေါ် KNU သဘောထားနှင့် ပတ်သက်၍လည်း ပဒိုစောကလယ်စေးက ဧရာဝတီတိုင်းမ် သတင်းဌာန၏ မေးမြန်းမှုကို ယခုလို ပြန်လည်ဖြေကြားသည်။
“ကရင့်လက်နက်ကိုင် အခြားအဖွဲ့တွေပေါ့နော်။ BGF တို့၊ DKBA တို့ကျတော့ ကျွန်တော်တို့ရဲ့ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးကို အကြီးအကျယ် အနှောင့်အယှက်မပေးတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ်လို့ ကျွန်တော်တို့က အဲဒီလို နားလည်ထားတယ်။ နောက်တစ်ချိန်တည်းမှာပဲ သူတို့နဲ့ အပြန်အလှန် ဆက်သွယ်မှုတွေ ရှိထားတဲ့ အဖွဲ့အစည်းလည်း ဖြစ်တယ်လို့တော့ ပြောချင်ပါတယ်။ သို့သော် နိုင်ငံရေးအရ ကျွန်တော်တို့က သူတို့ကို ဦးဆောင်ဖို့ကတော့ အခက်အခဲရှိနေသေးတယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။
ကရင့်အမျိုးသားများ၏ ရည်မှန်းချက်ပန်းတိုင်အား ပြီးမြောက်အောင်မြင်စေရန် မိမိတို့ ကရင့်အမျိုးသား အဖွဲ့အစည်းများ အမှန်တကယ် စုစည်းကြပြီး တစ်ခုတည်းသော ဦးဆောင်မှုနှင့် ရည်မှန်းချက်အောက်တွင် ပြန်လည်စုစည်း၍ ကြိုးပမ်းအားထုတ်ကြရန် လိုအပ်သလို ကရင့်တမျိုးသားလုံးနှင့် ကရင့်အမျိုးသား အဖွဲ့အစည်းအားလုံး၏ စုစည်းညီညွတ်မှုသည် ကရင့်အမျိုးသားများ၏ ဂုဏ်သတင်းထင်ပေါ်မှုနှင့် မိမိတို့ရန်သူ၏ လေးစားမှုများအတွက် အဓိကကျသည့် အရာဖြစ်ကြောင်း (၇၆)နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့တွင် ပြောကြားခဲ့သည့် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ မိန့်ခွန်းအရ သိရသည်။
ဓာတ်ပုံ – KNU
#တော်လှန်ရေးစု #ပိုမိုစည်းလုံးညီညွတ်မှုရှိရန်လိုအပ်သလို #လူထုဆန့်ကျင်ရေး #မလုပ်ရန်KNUပြော
#Ayeyarwaddy_Times