ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၁၇ ရက်

လက်ရှိရွှေဈေးမြင့်တက်နေရသည့်အကြောင်းအရင်းများတွင် စီးပွားရေး၊ ငွေရေးကြေးရေးနှင့်ပတ်သက်သည့် မူဝါဒများအပါအဝင် ဒေါ်လာဈေးအပြောင်းအလဲကြောင့်ရွှေဈေးမြင့်တက်သွားရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်ကပြောကြားပြီး အကယ်ဒမီရွှေတစ်ကျပ်သာလျှင် ကျပ် ၃၈ သိန်းကျော်ဖြင့် ယနေ့ ညနေဈေးပိတ်ကြောင်း သတင်းရရှိသည်။

ဩဂုတ်လ ၁၇ ရက်နေ့ ယနေ့ အကယ်ဒမီခေါက်ရွှေတစ်ကျပ်သားလျှင် အရောင်းဈေး ကျပ် ၃,၈၇၅,၀၀၀ သိန်းနှင့် ရွှေဝယ်ဈေး ကျပ် ၃,၈၇၀,၀၀၀ သိန်းရှိကြောင်း ရွှေဆိုင်များထံမှသိရသည်။

“ စီးပွားရေးနဲ့ပတ်သက်တဲ့ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့မူဝါဒတွေကြောင့်ဒေါ်လာဈေးအပြောင်း အလဲကြောင့်လည်းမြင့်တက်သွားတဲ့ကိစ္စမျိုးတွေတွေ့ရတယ်။ ကမ္ဘာရွှေဈေးက သိသိသားသားကြီး အရမ်းမတက်ဘူး။ ဒါပေမယ့် မြန်မာငွေလွဲနှုန်းကွာတဲ့အတွက်ကြောင့် ရွှေကို နိုင်ငံခြားငွေနဲ့ ချိတ်ဆက် ဆောင်ရွက်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရွှေဈေးအဲဒီလောက်ကြီးတက်သွားတာ” ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်တွဲဖက်အတွင်းရေးမှူး ဦးကြည်စိန်က စစ်ကောင်စီလက်အောက်ခံ MRTV သတင်းဌာနသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ထို့ပြင် တရားဝင်ခွင့်ပြုထားပြီးလုပ်ငန်းလိုင်စင်ရှိသည့်လုပ်ငန်းရှင်များ ရွှေအဝယ်အရောင်းလုပ်ရာတွင် မလိုလားအပ်သည့်ဈေးနှုန်းများမဖြစ်စေလိုကြောင်း၊ လုပ်ငန်းလိုင်စင်မရှိဘဲ ဈေးတက်ရန်နှင့်ကျစေရန်ပြုလုပ်နေသည့် ဝိသမလောဘသားများကိုစနစ်တကျကြီးကြပ်ထားနိုင်ပါက ရွှေဈေးတည်ငြိမ်ကာ လာမည့်ကာလတစ်ခုတွင် သိန်း ၃၀ ပတ်ဝန်းကျင်တန်းရောက်ရှိနိုင်ကြောင်း လည်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးကြည်စိန်က ပြောသည်။

ယင်းပြင် ပြည်ပနိုင်ငံမှပို့လိုက်သည့်ရွှေတုံးရွှေခဲများကို လက်ခစား (CMP) စနစ်ဖြင့် လက်ဝတ်ရတနာနှင့် အသုံးအဆောင်ပစ္စည်း၊ အနုပညာပစ္စည်းအဖြစ်ပြုလုပ်ကာ ပြည်ပနိုင်ငံပို့ပြန်လည်ပို့ဆောင်သည့်လုပ်ငန်းကို ပြီးခဲ့သည့်လကုန်တွင် တရားဝင်ဆောင်ရွက်နေကြောင်း လည်း သိရသည်။

“ ရွှေအတုံးအခဲကိုတင်ပို့တာမဟုတ်တဲ့အတွက်ကြောင့် cmp လုပ်ငန်းကလွဲရင် အခြားအတုံးအခဲနဲ့ပတ်သက်တဲ့ ကိစ္စတွေကတော့ ထူးထူးခြားခြားသက်ရောက်မှုမရှိသေးဘူး” ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးကြည်စိန်က ပြောကြားလိုက်သည်။

#ရွှေဈေးတက် #အကယ်ဒမီအခေါက်ရွှေ #၃၈သိန်းကျော် # Ayeyarwaddy_Times