ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၇ ရက်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် ရန်ကုန် – ပုသိမ် ကားလမ်းမအနီးရှိ နေအိမ်နှင့်ဆိုင်ခန်း ၂၀၀ ကျော်နီးပါးကို လမ်းနယ်နမိတ်မလွတ်ကင်းဟုအကြောင်းပြ၍ မြို့နယ်ထွေအုပ်နှင့်လမ်းတံတားဦးစီးဌာနအဖွဲ့မှ အတင်းအကြပ်ဖယ်ရှားရန် သြဂုတ် ၁၅ ရက်နေ့က အကြောင်းကြားလာကြောင်းဒေသခံများထံမှ သိရသည်။

ရန်ကုန်-ပုသိမ်ကားလမ်းမအနီးရှိ လမ်းနယ်နမိတ်ပေ (၅၀)အကွာ နေအိမ်နှင့်ဆိုင်ခန်း ၂၀၀ ကျော်နီးပါးကို
သြဂုတ်လ ၂၅ ရက်နေ့အထိ ဆယ်ရက်အတွင်း အတင်းအကြပ် ဖယ်ရှားရန် မြို့နယ်ထွေအုပ်နှင့် လမ်းတံတားဦးစီးဌာနမှ အကြောင်းကြားစာပေးပို့လာကြောင်း ​နေအိမ်ဖယ်ရှားရှင်းလင်းခံရမည့်သူများထံမှ သိရသည်။

“လမ်းချဲ့ဖို့ရှိတယ်။အဲတာပေ၅၀ ကပ်နေတဲ့အိမ်နဲ့ဆိုင်ခန်းတွေကိုဖယ်ဖို့ဆယ်ရက်အချိန်ရမယ်ဆိုပြီးအကြောင်းကြာလာတာ။ လမ်းနယ်နမိတ် နဲ့ကအလွတ်ကြီးကိုထပ်ရွှေ့ခိုင်းတဲ့သဘောဖြစ်နေတယ်။ အရင်အမေစုလက်ထက်ကတခါရွှေ့ခိုင်းလို့၇၅ပေရွှေ့ပေးပြီးပြီ။အခုကတမင်ထပ်ပြီးရွှေ့ခိုင်းနေတာ” ဟု ကံကုန်းလမ်းဆုံအနီးနေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ နေအိမ်နှင့်ဆိုင်ခန်းများ အတင်းအကြပ် ရွှေ့ခိုင်းနေမှုကြောင့် လူဦးရေ ၂၀၀၀ ကျော်မှာ အိုးအိမ်မဲ့အခြေအနေသို့ရောက်ရှိနေပြီး အခက်အခဲများဖြင့်ရင်ဆိုင်နေကြရ​ကြောင်းအတင်းအကျပ်ဖယ်ရှားခံရသည့်ဒေသခံများကပြောဆိုသည်။

” အိမ်တွေဆိုင်ခန်းတွေကိုဖယ်ရှားခိုင်းတော့ အခုလိုမိုးရာသီကြီးမှာဘယ်သွားနေရမလဲ။ လမ်းဘေးနားမှာရှိသမျှဆိုင်တွေအိမ်တွေရွှေ့ခံရမှာဆိုတော့ မိသားစုဦးရေ နှစ်ထောင်အကုန်နေစရာမရှိတဲ့ဘဝရောက်နေရပြီ။ တကယ့်ကိုဒုက္ခရောက်ပါပြီ” ဟုလမ်းမအနီးစျေးဆိုင်ဖွင့်လှစ်ထားသည့် သရက်ချောင်းကျေးရွာဒေသခံတစ်ဦးကဆိုသည်။

ဧရာဝတီတိုင်း၌ ပြီးခဲ့သည့် ဇူလိုင်လဒုတိယအပတ်မှသြဂုတ်လဒုတိယအပတ်အထိ တစ်လကြာအတွင်း
ငွေဆောင်၊ချောင်းသာ၊ ဝါးခယ်မ၊ ပန်းတနော်နှင့်မအူပင်စသည့်မြို့နယ်တို့၌နေအိမ်၊ဆိုင်ခန်းထောင်ချီ
ထက်မနည်း ကိုလမ်းချဲ့ထွင်ရန်နှင့် လမ်းနယ်နမိတ်မကင်းလွတ်သည်ဟုအကြောင်းပြ၍ အတင်းအ​ကြပ်
ဖယ်ရှားခဲ့ကာလူဦးရေ တစ်သောင်းကျော် အိုးအိမ်မဲ့ဘဝသို့ရောက်ရှိခဲ့သည်။

#ကန်ကြီးထောင့်မြို့ #နေအိမ်များ #ဖျက်ခိုင်း #စစ်ကောင်စီတပ် #Ayeyarwaddy_Times