
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၆ ရက်
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်တွင် နှစ်ရက်အတွင်း ဘုန်းတော်ကြီးတစ်ပါး အပါအဝင် ဒေသခံလူငယ် အမျိုးသား စုစုပေါင်း (၁၀)ဦးထက်မနည်းကို တော်လှန်ရေးအင်အားစုများကို ထောက်ပံ့သည်ဟု အကြောင်းပြကာ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေကြောင်းဒေသခံများထံကသိရသည်။
ကျုံပျော်မြို့နယ် ကျွဲခြံဒေါင့်ကြီးကျေးရွာ ဘုန်းကြီးကျောင်းရှိစာချ ဆရာတော်တစ်ပါး နှင့်စစ်ကိုင်းမြို့မှ လာရောက်အလုပ် လုပ်ကိုင်နေသည့် လင်မယားနှစ်ဦးကို တော်လှန်ရေးအဖွဲ့များအား ထောက်ပို့နေသည်ဟု အကြောင်းပြ၍ စစ်ကောင်စီတပ်နှင့်ရဲအဖွဲ့မှဖမ်းဆီး ခေါ်ဆောင်ခဲ့ပြီး စာချဆရာတော်ကို ပြန်လွှတ်ပေးခဲ့သော်လည်း စစ်ကိုင်းမြို့ခံလင်မယားနှစ်ဦးမှာ လက်ရှိအချိန်အထိ ကျုံပျော်မြို့မရဲစခန်း၌ ဖမ်းဆီးခံထားရကြောင်း ကျွဲခြံဒေါင့်ကျေးရွာဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
” ရွာကစာချဘုန်းကြီးနဲ့ ဘုန်းကြီးရဲ့အသိမိတ်ဆွေ လင်မယားကို စစ်တပ်နဲ့ရဲတွေလာပြီးဖမ်းခေါ်သွားတာ။ ဘုန်းကြီးကိုတော့ပြန်လွှတ်ပေးလိုက်တယ်။ အဖမ်းခံရတဲ့လင်မယားကစစ်ကိုင်းဘက်ကဆိုတော့ ပြန်မလွတ်ပေးပဲ ရဲစခန်းမှာဖမ်းပြီးစစ်နေတယ် ” ဟု ဒေသခံ တစ်ဦးကပြောသည်။
အလားတူ သြဂုတ်လ ၁၅ ရက်နေ့ကလည်း ကျုံပျော်မြို့နယ်အထောင်-ရှားခဲ ကားလမ်းအနီး ကျောင်းစုကျေးရွာရှိ အထွက်တိုးရုံး၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်လာရောက်တပ်စွဲခဲ့ကာ လမ်းမပေါ်တွင် သွားလာနေသည့်ဒေသခံ လူငယ်အမျိုးသား ခုနှစ်ဦး ကို လက်ကိုင်ဖုန်းများစစ်ဆေးပြီးနောက်တော်လှန်ရေးအဖွဲ့များအပေါ် ကူညီထောက်ပံ့နေသည်ဟု အကြောင်းပြကာ ဖမ်းဆီးခဲ့ကြောင်း မျက်မြင်တွေ့ရှိရသည့် ကျောင်းစုကျေးရွာဒေသခံများထံကသိရသည်။
” ရွာကိုပြန်လာတဲ့လူငယ်တွေကိုဖုန်းတွေစစ်ပြီး ဖမ်းခေါ်သွားတယ်။ facebook အကောင့်မှာ PDF တွေကို ထောက်ခံတယ်ဆိုပြီးဖမ်းသွားတာ ” ဟု မျက်မြင်တွေ့ရှိရသည့် ကျောင်းစုကျေးရွာဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်ကစတင်ပြီး ကျုံပျော်၊အထောင်နှင့် ရှားခဲကြားရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်သားအချို့တပ်စွဲထားပြီး ဒေသခံလူငယ်အမျိုးသားများကို လက်ကိုင်ဖုန်းစစ်ဆေးခြင်းများ ပြုလုပ်ကာ ဖမ်းဆီးအရေးယူမှုများ ပိုမိုပြုလုပ်လာကြောင်းဒေသခံများထံကသိရသည်။
#ကျုံပျော် #ဘုန်းတော်ကြီးတစ်ပါး #ဒေသခံ၁၀ဦး #PDFထောက်ပို့လုပ်သည်ဟုဆိုကာ #ဖမ်းဆီးထား
#Ayeyarwaddy_Times