ဧရာဝတီတိုင်းမ်

သြဂုတ် ၁၆ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း သာစည်ကျေးရွာကို ယမန်နေ့ သြဂုတ် ၁၅ ရက် ညနေပိုင်း တွင် စစ်ကောင်စီတပ်က ဓာတုလက်နက်များအသုံးပြု၍ ပစ်ခတ်မှုကြောင့် ဒေသခံ ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦးအပါအဝင် ဒေသသခံ ၂၀ ခန့် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ကလေးမြို့တောင်ပိုင်း သာစည်ကျေးရွာကို သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေကြောင်းမှ လည်းဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်တွင်လည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်ထံက သိရသည်။

“ကျွန်တော်တို့ဖက်ကတော့ ထိခိုက်မှု မရှိပါဘူး။ ဓာတုငွေ့ရှုမိတဲ့ ရဲဘော်နှစ်ယောက်တော့ မူးလဲသွားတယ်။ အခုတော့ သက်ဆိုင်ရာဆေးဌာနက ဆေးကုသမှုပေးနေပါတယ်။ အရင်ကဒါမျိုးမကြုံဖူးဘူးဗျ။ အခု အသစ်ရောက်လာတဲ့ ဒကစမှူး အောင်နိုင်ဦး (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးဗိုလ်ချုပ်အောင်နိုင်ဦး) ရောက်လာမှ ဒီလိုဓာတုငွေ့တွေ သုံးလာတာ” ဟု ဒေသကာကွယ်ရေးတပ်သားတစ်ဦးက ဧရာဝတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် သြဂုတ် ၁၅ ရက်နေ့ ညပိုင်းတွင် ကလေးမြို့ အမြောက်တပ်မှနေ၍ ဓာတုလက်နက်များကို ၁၂၀-မမ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတော်လှန်ရေး အင်အားစု များကဆိုသည်။

အဆိုပါ ဓာတုငွေ့ကို ရှုရှိုက်မိသူများသည် ရုတ်ချည်းပျော့ခွေကာ မူးမေ့လဲသွားပြီး သွေးပေါင် ချိန်ကျဆင်းသည့် လက္ခဏာများ တွေ့ရကြောင်းနှင့် နောက်ဆက်တွဲဆိုးကျိုး ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်နေရကြောင်း Mobile Medical Team – West Division အဖွဲ့ထံက သိရသည်။

“အဲ့ဒီအငွေ့က စိမ်းရွှင်ရွှင်အနံ့ရှိတယ်။ ရှူမိရင် လည်ပင်းထဲမှာ စူးရှရှနဲ့ လူက အပူချိန်တက်၊ လက်ထိပ်ခြေထိပ်တွေ ကျင်တက်၊ အသက်ရှူတွေကြပ်ပြီး သွေးပေါင်ချိန် လည်း ရုတ်တရက် ထိုးဆင်းသွားတယ်။ မူးမေ့လဲတဲ့အထိကို ဖြစ်စေပါတယ်။ အဲ့ဒီ ဓာတုငွေ့ကြောင့် ဒေသခံ ၂၀ လောက် မူးမေ့အော့အန်ကြလို့ အခု ဆေးကုသ ပေးနေရတယ်” ဟု ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့မှစတင်ကာ ကလေးမြို့ တောင်ဘက်ပိုင်းကို မြေပြင်နှင့်ဝေဟင်မှ စစ်ကြောင်းထိုးတိုက်ခိုက်လာသောကြောင့် ကလေးမြို့တောင်ပိုင်း ကျေးရွာဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်နေရပြီး ထွက်ပြေးနိုင်ခြင်းမရှိဘဲ ကျန်နေသေးသူလည်း များစွာရှိနေကြောင်း စစ်ရှောင်ကူညီရေး အဖွဲ့ထံက သိရသည်။

ပုံစာ – စစ်ကောင်စီ၏ ဓာတုလက်နက်ကြောင့် မူးမေ့သွားသော ကာကွယ်ရေးတပ်သားတစ်ဦးကို ဆေးကုသပေးနေစဥ်

#ကလေးတောင်ပိုင်း #သာစည်ရွာ #ဓာတုလက်နက်အသုံးပြုတိုက်ခိုက် #ဒေသခံ၂၀ဆေးကုသ #Ayeyarwaddy_Times