နွေဦးမောင် /ဧရာဝတီတိုင်းမ်

သြဂုတ်လ ၁၆ရက်

စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသ၊ ဆားလင်းကြီးမြို့နယ်၊ ယမားတံတားပေါ်၌ ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်မှ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသူ သုံးဦးကို သတ်ဖြတ်၍ ယမားချောင်းအတွင်း ပစ်ချသွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် လည်ငေါက်ကျေးရွာကို စစ်ကြောင်းထိုးခဲ့ပြီး လည်ငေါက်ကျေးရွာရှိ ဒေသခံလေးဦးကို လမ်းပြအဖြစ်ဖမ်းဆီး ခေါ်ဆောင်လာကာ သုံးဦးကို ယမန်နေ့ ည ၈ နာရီခန့်တွင် မြောက်ယမားတံတားပေါ်၌ သတ်ဖြတ်ခဲ့ခြင်း ကြောင်း သိရသည်။

“ဆားလင်းကြီးမြို့နယ်ထဲပတ်နေတဲ့ စစ်တပ် စစ်ကြောင်းပါ။ သူတို့လမ်းပြအဖြစ်ဖမ်းဆီး ခေါ်လာတဲ့ သူတွေ ကိုလည်လှီးပြီးချောင်းထဲ ပစ်ချသွားတာ။ တံတားပေါ်မှာ သွေးကွက် တွေတွေ့တယ်။ ရွာစဥ်စစ်ကြောင်းထိုးပြီး သတ်ဖြတ်နေတာ လူမသိ သူမသိ သေတဲ့ သူတွေလည်း အတော်များနေပြီ။ မနက်မိုးလင်းမှ သွေးကွပ် သုံးခုကိုတွေ့ရတာ” ဟု အသက် ၄၀ အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့် လည်ငေါက်ကျေးရွာသားများ၏ အလောင်းများကို တော်လှန်ရေးတပ်ဖွဲ့များမှဆယ်ယူကာ မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီတပ်သည် ဆားလင်းကြီးမြို့နယ် ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်း ထိုးနေပြီး ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ အဝေးမှနေ၍ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ မကြာခဏလုပ်ဆောင် လေ့ရှိကြောင်း သိရသည်။

ဓာတ်ပုံ -ပေးပို့

ပုံစာ-စစ်ကောင်စီတပ်က သတ်ဖြတ်၍ ယမားချောင်းအတွင်း သေဆုံးနေသည့် လည်ငေါက်ကျေးရွာသားသုံးဦး

#စစ်ကောင်စီစစ်ကြောင်း #လည်ငေါက်ကျေးရွာသားသုံးဦး #သတ်ဖြတ်ချောင်းထဲပစ်ချ #Ayeyarwaddy_Times