
ဧရာဝတီတိုင်းမ်
(မြင်းမူ)၊ ဩဂုတ်လ ၁၆ ရက်
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရွာသာလေးရွာကိုဩဂုတ်လ ၁၄ ရက်နေ့က စစ်ကြောင်း ထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ငါန်းဇွန်းမြို့နယ်မှ စစ်ဘေး ရှောင်နေ သည့် ဒေသခံ ၄ ဦးကို သေနတ်ဖြင့်ပစ်သတ်၍ သေဆုံးခဲ့ရကြောင်း ငါန်းဇွန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
အင်အား ၁၀၀ ကျော်ပါသည် စစ်ကောင်စီစစ်ကြောင်းသည် မြင်းမူမြို့ဘက်မှ ရွာသာလေးရွာကို သေနတ်ပစ်ဖောက်၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ငါန်းဇွန် မြို့နယ်၊ အောင်သုခရွာမှ စစ်ဘေးရှောင်လာသည့် ဒေသခံ လေး ဦးကျည်ထိမှန် သေဆုံးကာ နှစ် ဦးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် ငါန်းဇွန်မြို့နယ်အတွင်းရှိ ရေလည်သောင်ရွာနှင့် ကံသောင် ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသည်မှာ ကိုးရက်ကျော်ကြာရှိနေပြီး ဩဂုတ်လ ၅ ရက်နေ့ကလည်း ရေလည်သောင်ရွာကိုစစ်ကြောင်းထိုးလာစဉ် ဒေသခံတစ်ဦးသေနတ် ထိမှန် သေဆုံးခဲ့သည်။
“ယခု တစ်ပတ်အတွင်းမှာ စစ်ကြောင်းထိုးလာတာပါ။ စစ်ကြောင်းနှစ်ကြောင်းညှပ်ပြီး ပြည်သူအချို့ကို ဖမ်းစီးရိုက်နှက်တယ်။ ရွာတွေကို ဝင်ရင်ပစ်ခတ်ပြီး ဝင်ပါတယ်။ အပြစ်မဲ့ ပြည်သူ တစ်ဦးလည်းသေဆုံးခဲ့တယ်။ အချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်” ဟု ငါန်းဇွန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် ငါန်းဇွန်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ရာတွင် ထန်းတပင်ရွာ၊ နဘဲပင်ရွာ၊ သာကျင်းရွာများမှ ဒေသခံ ၃၀ ဦးနှင့်အထက်ကို ဖမ်းဆီးခဲ့ပြီး ဒေသခံများကို ရိုက်နှက်ခြင်း၊ အမျိုးသမီးများကို ကန်ကျောက်ခြင်း၊ သီးနှံများဖျက်ဆီး ခြင်းတို့ကို ပြုလုပ်နေပြီး အကြမ်းဖက်မှုများကို လုပ်ဆောင်နေသည့်အတွက် ပြည်သူများ အနေဖြင့် သတိထားကြရန် ငါန်းဇွန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး ထားသည်။
ငါန်းဇွန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နေ့များတွင် ရေလည်သောင်ရွာနှင့်လက်ပံသာရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ တပ်သား ၅ ဦးသေဆုံးခဲ့ ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – ပေးပို့(ဒေသခံနေအိမ်များဖျက်ဆီးခံထားရပုံ)
#စစ်ကိုင်းတိုင်း #ရွာသာလေးရွာ #ငါန်းဇွန်း #မြင်းမူ #စစ်ကောင်စီတပ်စစ်ကြောင်းထိုး #စစ်ရှောင်များအသတ်ခံရ #Ayeyarwaddy_Times