
ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၁၆ ရက်
နေပြည်တော်တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တည်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်ကို ၀င်ရောက်ဖူးမျှော်ရန် သတ်မှတ်၀င်ကြေးမှာ စရိတ်ကြီး မြင့်နေခြင်းကြောင့် အများပြည်သူနှင့် စစ်ကောင်စီလက်အောက်ခံ Non CDM ၀န်ထမ်းများအနေနှင့် အဆင်မပြေကြောင်း ပြောဆိုလျှက်ရှိသည်။
အဆိုပါရုပ်ပွားတော်ကို ဩဂုတ်လ ၂၀ ရက်မှစတင်ပြီး သတ်မှတ်၀င် ကြေးနှုန်းထားများ အတိုင်း ကောက် ယူသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ဘုရားရောက်ရင် ဘုရားရောက်အမှတ် တရဆိုပြီး ဖုန်းနဲ့တော့ ရိုက်ချင်တာပဲ။ ဖုန်းတစ်လုံးကို ၅၀၀၀ ဆိုတော့ မိသားစုလိုက်သွားရင် အိမ်ရှိလူကုန်မဟုတ်တောင် လေး ငါးယောက်တော့ ဖုန်းပါမှာပဲလေ။ ကားဝင်ခွင့်က ၂၀၀၀၀ ဆိုတော့ ဒီလောက်ဝေးတဲ့ ဘုရား ဘယ်သူမှ ခြေလျင်မလာနိုင်ဘူး။ လာလို့လည်းမလွယ်ဘူး။ နောက် buggy စီး လေးယောက် ၁၀၀၀၀ ဆိုတော့ ကျန်းမာရေးမကောင်းတဲ့ ဗုဒ္ဓဘာသာဝင်တွေ ငွေကြေးမတတ်နိုင်သူတွေ ကုသိုလ်လိုချင်အိမ်ကဘုရားဖူး ဒီမှာလာမဖူးနဲ့လို့ ဆိုသလိုပဲ” ဟု ပြည်သူတစ်ဦးက ဝေဖန်ပြောဆိုသည်။
စစ်ကောင်စီသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးကို ဩဂုတ်လ ၂၀ ရက်ကစတင်ပြီး လူကြီး၊ ကလေးတစ် ဦးလျှင် ၁၀၀၀ ကျပ်၊ နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ ဒေါ်လာ၊ ဖုန်းနှင့်ကင်မရာတစ်လုံးလျှင် ၅၀၀၀ ကျပ်၊ အလှဓာတ်ပုံရိုက်လျှင် ၅၀၀၀၀ ကျပ်(နာရီ၀က်အချိန် ပိုပါက ၅၀၀၀) ကောက်ခံမည်ဖြစ်ပြီး ယာဉ်တစ်စီးလျှင် ၂၀၀၀၀ ကျပ်၊ Buggy တစ်စီးလျှင် ၁၀၀၀၀ ကျပ် ကောက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
“အလှဓာတ်ပုံကလည်း နာရီဝက်တိုင်း ၅၀၀၀ ဆိုတော့ “မျောက်ပြဆန်တောင်းပဲ” ကြားဖူးတယ်။ “ဘုရားပြပိုက်ဆံတောင်း” ဆိုတာကို သူ(ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) လုပ်လိုက်တာ။ ပိုက်ဆံ မတတ်နိုင်သူတိုင်း မလာနဲ့လို့ ဆိုလိုက်တာမျိုးပဲ။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေ၊ လက်ထဲမှာ အပိုဝင်ငွေမရှိတဲ့ လက်လုပ်လက်စားတွေမလာနဲ့လို့ ပြောလိုက်တာ။ နဂိုကတည်းက ပြည်သူကိုဗဟိုမပြုတဲ့ စစ်ခေါင်းဆောင်ဟာ သူတည်တဲ့ ဘုရားကိုလည်း ပြည်သူအပေါ်ဗဟို မပြုခိုင်းဘူးဆိုတာပေါ်လွင်စေတယ်။ ရွှေတိဂုံလို တန်ခိုးအရာကြီးမားပါတယ်ဆိုတဲ့ ဘုရားတောင် ပြည်သူဆီက ပိုက်ဆံမတောင်းဘူး” ဟု ဘုရားဝင်ကြေးကောက်ခံမှုအပေါ် ပြည်သူတစ်ဦးက ဝေဖန်ပြောဆိုထားသည်။
ထိုသို့ ဝေဖန်မှုများကြောင့် ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင်ပင် ဘုရားဝင်ကြေး သတ်မှတ်နှုန်းထားကို ပြင်ဆင်သည်ဟုဆိုကာ ထုတ်ပြန်ချက်အသစ် တစ်စောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ဖုန်းယူဆောင်လာပါက ၅၀၀၀ ကျပ် ပေးရန် မလိုတော့ ကြောင်း ပြင်ဆင်ထားသည်။
#နေပြည်တော် #စစ်ကောင်စီ #မာရဝိဇယဘုရားကြီး #သတ်မှတ်နှုန်းထား #စရိတ်ကြီးမြင့် #Ayeyarwaddy_Times