
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၆ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် မြို့တွင်းရပ်ကွက်နေရာအနှံ သြဂုတ်လ ၁၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်မှ ဘန်ကာအခိုင်အမာပြုလုပ်၍ လုံခြုံရေးတင်းကျပ်စစ်ဆေးမှုများရှိနေကြောင်း မြို့ခံများထံကသိရသည်။
ဖျာပုံမြို့ရှိမြို့အတွင်း ရပ်ကွက်အုပ်ချုပ်ရေးရုံးနေရာအလိုက် သြဂုတ်လ ၁၂ ရက်နေ့မှစပြီး စစ်ကောင်စီတပ်မှ ဘန်ကာအခိုင်အမာပြုလုပ်နေသည်ကိုတွေ့မြင်လာရကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် မြို့ခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
” ဘန်ကာတွေဆောက်လာတာတွေ့ရတယ်။ တချို့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနေရာတွေဆို ဆောက်လို့ပြီးသွားပြီ။ ဘန်ကာပုံစံက အရှေ့တန်းခံတပ်ပုံစံမျိုးလုပ်နေတာမြင်ခဲ့ရတယ်” ဟု သူကပြောသည်။
ဘန်ကာတည်ဆောက်မှုများအား စစ်ကောင်စီတပ်မှနေ့ချင်းအပြီး ဆောက်လုပ်နေခြင်းဖြစ်၍ ရဲ၊ ပျူစောထီး၊ ပြည်သူ့စစ်နှင့် စစ်မှူထမ်းဟောင်းများကိုလုံခြုံရေးအရ ကင်းစောင့်ဆိုင်းရန်ဆောက်လုပ်နေခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ထံကသိရသည်။
” ဘန်ကာတွေကိုနေ့ချင်းအပြီးဆောက်ခိုင်းတာကြာပြီ။ အဓိကမြို့အတွင်းမှာ ခံစစ်ပုံစံအနေအထားနဲ့လုံခြုံရေးချဖို့လုပ်နေတာပေါ့။ ရဲ၊စစ်၊ပြည်သူ့စစ်နဲ့ စစ်မှုထမ်းဟောင်းအငြိမ်းစားတွေကိုအင်အားဖြည့်သွင်းဖို့ရှိတယ်” ဟု တပ်တွင်းသတင်းအရင်းအမြစ်ကဆိုသည်။
ဖျာပုံမြို့တွင်မြို့အတွင်းအပြင် စစ်ဆေးရေးဂိတ်နေရာအဖြစ် လက်ရှိ၌ ဖျာပုံတံတား နေရာ၌ ဘန်ကာအခိုင်အမာဆောက်လုပ်ကာ စစ်ကောင်စီတပ်နှင့်ရဲအဖွဲ့မှစစ်ဆေးလုပ်ဆောင်ကာငွေအတင်းအကျပ်တောင်းခံမှုများရှိနေသည်။
#ဖျာပုံမြို့ #စစ်ကောင်စီတပ် #ဘန်ကာ #ရန်ကုန် #Ayeyarwaddy_Times