ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၆ ရက်

ထိုင်ဝမ်ရေလက်ကြား တင်းမာမှု မြင့်တက်လာတာ တိုင်းပြည်ကို ထိခိုက်စေတဲ့ အဓိက စိုးရိမ်ပူပန်စရာ ကိစ္စတစ်ခုလို့ ဖိလစ်ပိုင်နိုင်ငံက ရှုမြင်ကြောင်း တရားဝင် ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြပါတယ်။

ထိုင်ဝမ်-တရုတ်ဆက်ဆံရေးက ဒေသတွင်း ပေါက်ကွဲလုနီးပါး အခြေအနေတစ်ခုဖြစ်တယ်လို့ ၂၀၂၃ ခုနှစ် မှ ၂၀၂၈ ခုနှစ်အထိ အမျိုးသားလုံခြုံရေးမူဝါဒမှာ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။

ထိုင်ဝမ်ရေလက်ကြားက ဖိလစ်ပိုင်ကျွန်းစုနဲ့ အနီးကပ် တည်ရှိတဲ့အပြင် ထိုင်ဝမ်မှာ ဖိလစ်ပိုင်နိုင်ငံသား ၁၅၀၀၀၀ ကျော် ရှိတာကြောင့် ထိုင်ဝမ်ရေလက်ကြား ဘယ်လို စစ်ရေးပဋိပက္ခမျိုးကမဆို ဖိလစ်ပိုင်နိုင်ငံကို သက် ရောက်စေနိုင်တယ်လို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။

အဓိက အင်အားကြီးတိုင်းပြည်တွေကြား ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာမှုက တင်းမာတဲ့ ပထဝီနိုင်ငံရေး အ ခင်းအကျင်းကို ဖြစ်စေတယ်လို့ ဖိလစ်ပိုင်အစိုးရက ဆိုပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို လက်အောက်ခံပြည်နယ်တစ်ခုအဖြစ် ရှုမြင်ပေမယ့် ထိုင်ဝမ်ကတော့ ၁၉၄၉ ခုနှစ်ကတည်းက လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် ကြေညာခဲ့ပါတယ်။

အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေကြောင့် ဖိလစ်ပိုင်နဲ့တရုတ်ကြား ဆက်ဆံရေး အေးစက်နေချိန် ဖိလစ်ပိုင်နိုင်ငံက ငါးနှစ်ကြာ အမျိုးသားလုံခြုံရေးမူဝါဒကို ကြေညာခဲ့တာဖြစ်ပါတယ်။

ပင်လယ်ရေကြောင်း ပိုင်ဆိုင်မှု အငြင်းပွားမှုတွေကြောင့် အိမ်နီးချင်း ဖိလစ်ပိုင်နဲ့ တရုတ်နှစ်နိုင်ငံစလုံးက စစ်သင်္ဘောတွေဟာ မကြာခဏဆိုသလို ထိပ်တိုက်တွေ့ဆုံတာတွေ ဖြစ်နေပါတယ်။

ဖိလစ်ပိုင်နိုင်ငံက အမေရိကန်နိုင်ငံကို စစ်ဘက်အခြေစိုက်စခန်းတွေ ဆက်လက်ထားရှိခွင့်ပြုပြီးနောက် ဖိလစ်ပိုင်နဲ့တရုတ်ကြား တင်းမာမှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံရှိ အမေရိကန် စစ်ဘက်အခြေစိုက်စခန်းတွေဟာ ထိုင်ဝမ်ကျွန်းကို မျက်နှာမူနေတဲ့ မြောက် ပိုင်းရှိ အစ္စဘဲလာနဲ့ ကာဂါရန်ကျွန်းတွေပေါ်မှာ တည်ရှိပါတယ်။

ကိုးကား – Anadolu
Ref; Philippines says tensions in Taiwan Strait ‘major concern’

#Ayeyarwaddy_Times