
ဧရာဝတီတိုင်းမ်
(ကျောက်တံခါး)၊ ဩဂုတ်လ ၁၆ ရက်
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာနှင့် တလိုင်းခင်ကျေးရွာတို့ကို ယမန်နေ့ဩဂုတ်လ ၁၅ ရက်နေ့က စစ်ကောင်စီက Mi-35 ရဟတ်ယာဉ် နှစ် စီးဖြင့် လေကြောင်းသုံးတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီသည် ကျောက်တံခါးမြို့နယ်အတွင်းသို့ စစ်အင်အား အများအပြားဖြည့်တင်းနေပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အချိန်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိသည့်အချိန်ဖြစ်ကြောင်း သိရသည်။
“အဲ့ဒီနေ့မနက်ကတော့ မြေပြင်ထိတွေ့မှုဖြစ်တယ်ပြောတယ်။ ထိတွေ့မှုဖြစ်ပြီး တစ်နာရီခွဲအကြာလောက်မှာ လေယာဉ် နှစ်စီးနဲ့လာပစ်တယ်။ ဒေသခံတွေတော့ ဩဂုတ်လ ၁၂ ရက်နေ့က သမင်အင်းကုန်းရွာကို လေကြောင်းတိုက်ခိုက်ခံရပြီးကတည်းက ရှောင်နေကြပြီ။ အခုလေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်မှုတော့မကြားရသေးဘူး ” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဩဂုတ်လ ၁၄ ရက်နေ့ကလည်း ကျောက်တံခါးမြို့ပေါ်ရှိ ဟိန္ဒူဘုရားကျောင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ဖျံတလင်းကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ နှစ်ဦး ထိမှန်ဒဏ်ရာရခဲ့ပြီး ကျောက်တံခါးဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်အတွင်း စစ်ကောင်စီက လှုပ်ရှားစစ်ကြောင်းများဖြင့် သွားလာနေပြီး နံဇကျေးရွာတွင် ဩဂုတ်လ ၁၄ ရက်နေ့အထိ နေအိမ်ပေါင်း ၁၀၃ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
ကျောက်တံခါးမြို့နယ်တွင်းရှိ တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေပြီး ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်နေ့ကလည်း သမင်အင်းကုန်းရွာတွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးကာ လက်နက်အများအပြား သိမ်းဆည်း ရမိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ဖော်ပြောဆိုထားသည်။
ဓာတ်ပုံ – လူမှုကွန်ယက်(ပုံအဟောင်းဖြစ်သည်။)
#ကျောက်တံခါး #နံဇရွာ #လေကြောင်းတိုက်ခိုက် #စစ်ကောင်စီ #Ayeyarwaddy_Times