
နွေဦးမောင်/ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၆ရက်
ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် လက်ခတ်တောင် စခန်းကုန်းကို စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်ဖွဲ့များသည် လက်နက်ကြီးများအပြင် လေကြောင်းပစ်ကူယူကာ ထိုးစစ်ဆင်နေသော်လည်း ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေပြီး လက်နက်ခဲယမ်းအချို့ ထပ်မံရရှိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များထံက သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့ နှင့် ၁၅ ရက်နေ့များတွင် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့သည် စစ်ကြောင်း သုံး ကြောင်းခွဲ၍ အင်အားသုံး ထိုးစစ်ဆင်ကာ အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ဝေဟင်မှလည်း လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
“လက်နက်ကြီးကတော့ တိုက်ပွဲမစခင်ကတည်းက ပစ်နေတာ။ ပြီးတော့ Mi-35 လေယာဉ်နှစ်စီးနဲ့ လေကြောင်းကပါပစ်ပြီး ဗုံးကြဲတာတွေပါလုပ်ဆောင်ခဲ့တာ။ နောက် မြေပြင်ကနေလည်း ထိုးစစ်ဆင် ညာသံပေးပြီး တောင်ကမ်းပါးရံတွေကို အတင်းထိုး တက်လာတာ။ ကျွန်တော်တို့ ဘက်ကလည်း တတ်နိုင်သမျှကို အသေအချာ ပစ်ခတ်နိုင်ခဲ့လို့ အသေအပျောက်များပြီး ပြန်ဆုတ်ပြေးသွားကြတာ” ဟု မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယခုအခါတွင် ပြန်လည်ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့၏ ကျန်ရစ်သည့် လက်နက်ခဲယမ်းများ နှင့် အလောင်းများကို သိမ်းဆည်း ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့လက်ရှိမှာ နယ်မြေရှင်းလင်းရေးတွေ အကုန် မလုပ်ရသေးဘူး။ လက်ရှိ တောင်ကမ်းပါးရံတွေမှာ ကျန်နေခဲ့တဲ့ လက်နက်တွေ အတော်လေးများတယ်။ စစ်ကောင်စီ BGF ဘက်ကတော့ အလောင်းတွေ ပုံထပ်နေတာပေါ့။ နယ်မြေရှင်းလင်း ပြီးရင်တော့ ရရှိတဲ့ လက်နက်ခဲယမ်းအတိကျ ပြောပေးမယ်။ ကိုယ့်ဘက်ကလည်း ထိခိုက်မှု အနည်းငယ်ရှိပါတယ်။ ပန်းလေးတွေနဲ့ပေါက်နေတာမှမဟုတ်ဘဲ တိုက်ပွဲဖြစ်နေတာမို့ လက်နက်ကြီးထိခိုက်ဒဏ်ရာ ရရှိထားတာတွေ အနည်းငယ်ရှိတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။
မြဝတီမြို့နယ်အတွင်းရှိ လက်ခတ်တောင်စခန်းကုန်းသည် စစ်ကောင်စီတပ်၏ အရေးပါသည့် စခန်းကုန်းတစ်ခုဖြစ်ကာ စစ်ကောင်စီတပ်က ပြန်လည်ရရှိရန် အကြိမ်ကြိမ် ကြိုးစား နေ၍ ယခုတိုက်ပွဲနှင့်ဆိုပါက (၁၁)ကြိမ်မြောက် ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်ပွားသည့် တိုက်ပွဲတိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ အထိနာကာ လက်နက်ခဲယမ်းများကိုပါ အကြိမ်ကြိမ် ရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များ ထံကသိရသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ-တော်လှန်ရေးတပ်ဖွဲ့များ ထပ်မံရရှိခဲ့သည့် စစ်ကောင်စီနှင့်BGF ပူးပေါင်းအဖွဲ့များ၏ လက်နက်ခဲယမ်းများ
#လက်ခတ်တောင်စခန်းကုန်း #စစ်ကောင်စီတပ်BGFထိုးစစ်ဆင် #ထိခိုက်သေဆုံး #လက်နက်ခဲယမ်း #Ayeyarwaddy_Times