
ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဩဂုတ် ၁၆ ရက်
ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ခလရ ၂၆၉ တပ်ရင်းဌာနချုပ်ကို ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ချင်းအမျိုးသားတပ်မတော်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ထန်တလန်)နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့ (ဇိုဖေ)တို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ချင်းကာကွယ်ရေးပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်ထံက သိရသည်။
ချင်းကာကွယ်ရေးပူးပေါင်းတပ်က စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်ကို ဝင်ရောက်စီးနင်း သိမ်းပိုက်၍ စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ် ဦးကို အရှင်ဖမ်းမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုနှင့် ပတ်သက်၍ အတည်မပြုနိုင်သေးကြောင်းသိရသည်။
စစ်ကောင်စီသည် ၎င်းတို့၏ ခလရ-၂၆၉ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် ထန်တလန်မြို့နှင့် ၅ မိုင်ကွာဝေးသော ခွါဖိုကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်းအပါအဝင် လူနေအိမ် လေး လုံးပျက်စီး၍ ဒေသခံ ပြည်သူများထိခိုက်မှု မရှိကြောင်းဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က ခွါဖိုကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ကိုးဦးသေဆုံးခဲ့သည်။
ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်မှုနှင့်ပတ်သက်ပြီး ချင်း ကာကွယ်ရေးပူးပေါင်းတပ်၏ တာဝန်ခံများကို ဧရာဝတီတိုင်းမ်အနေဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။
ဆက်လက်ပြီး ဖလမ်းမြို့တွင် အခြေစိုက်ထားသော ခလရ-၂၆၈ တပ်ရင်းကို ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(ကလေး-ကဘော်-ဂန်ဂေါ)တို့က ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့၊ နံနက် ၁ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက် ဦးသေဆုံး၍ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်ထံက သိရသည်။
ဓာတ်ပုံ-ကျဆုံးခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးနှင့် အရှင်ဖမ်းမိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး
#ချင်းပြည်နယ် #ထန်တလန်မြို့ #စစ်ကောင်စီ #တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲ #ချင်းကာကွယ်ရေးပူးပေါင်းတပ် #တပ်ဖွဲ့ဝင်သုံးဦးကျဆုံး #Ayeyarwaddy_Times